Breaking News


မိန်းကလေးမွေးလို့ ခြောက်ရက်သားသမီးကို ဖခင်က ဓာတ်မီးနဲ့ ရိုက်သတ်


Loading...

မိန်းမဖြစ်သူက သမီးမိန်းကလေးမွေးလို့ စကားများရန်ဖြစ်ပြီး ခြောက်ရက်သားသမီးငယ်ကို ဖခင်ဖြစ်သူက ဓာတ်မီးနဲ့ ရိုက်သတ်ခဲ့တဲ့ဖြစ်ရပ် မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မိတ္ထီလာမြို့နယ်၊ ထမုန်ကန်ကျေးရွာအုပ်စု စက်ပစ်တောင်ရွာဘေး မိတ္ထီလာကန်ကနေ ရေပေးတဲ့ မြောင်းထဲမှာသေဆုံးနေတဲ့  ခြောက်ရက် သမီးအလောင်းကို ဖေဖော်ဝါရီ ၁၅ ရက် ညနေ ၆ နာရီမှာ တွေ့ခဲ့လို့ သေမှုသေခင်းဖွင့်ပြီး စစ်ဆေးခဲ့ရာမှာ ဖခင်ဖြစ်တဲ့ အောင်သူ (ခေါ်) ဒေဝနဲ့ ဇနီးဖြစ်သူ မေကဆုန်အောင်တို့ သမီးမွေးတာနဲ့ ပတ်သက်ပြီး စကားများရန်ဖြစ်တာကနေ ကလေးရဲ့ခေါင်းကို ကော်ဓာတ်မီးနဲ့ သုံးချက်ရိုက်ခဲ့လို့ သေဆုံးခဲ့တာကြောင့် လူသတ်မှုအဖြစ် ဖေဖော်ဝါရီ ၁၆ မှာ ပြောင်းလဲဖွင့်လှစ်ခဲ့တာပါ။
ခြောက်ရက်သမီးလေးမှာ ဦးခေါင်းဝဲဘက် နောက်စေ့သွေးထွက်၊ နားနှစ်ဖက် ပါစပ်သွေးထွက်၊ ၀ဲပုခုံးချိုင်း ပေါက်ပြဲနေတယ်။ အရက်မူးလွန်ပြီးဇနီးနဲ့ ယောက္ခမက သမီးမလိုချင်ဘူးပြောတာ စိတ်ဆိုးပြီး ကော်ဓာတ်မီးနဲ့ သုံးချက်ရိုက်မိခဲ့တာလို့ မိတ္ထီလာမြို့မ စခန်းမှူး ဒုရဲမှူးခင်မောင်စိုးက ပြောပါတယ်။
“ကလေးအလောင်းကို ဆာလာအိတ်ပတ်ထားပြီး ရေမြောင်းထဲစွန့်ပစ်ထားတာတွေ့ရတယ်။ မူးတုန်းဓာတ်မီးနဲ့ ရိုက်ပြီး အမူးပြေတရေးနိုးတော့ သူ့သမီးစမ်းကြည့်တာ သေသွားပြီသိလို့ အိမ်နဲ့ ပေတစ်ရာလောက်ကွာတဲ့ ရေမြောင်းထဲသွားပစ်တယ်လို့ အောင်သူ (ခေါ်) ဒေဝကို စစ်ဆေးတော့ ဖြေထားတယ်”လို့  ရဲအုပ်တင်ထွန်းအောင်က ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မိတ္ထီလာမြို့ အမှတ်(၁) မြို့မရဲစခန်းက အောင်သူ(ခေါ်) ဒေ၀ကို အမှုနံပါတ် (ပ)၈၀/၂၀၁၇ နဲ့ ထိန်ချန်သောပြစ်မှု ပုဒ်မ-၂၀၂၊ လူသတ်မှု ပုဒ်မ-၃၀၂ တို့နဲ့ ဖမ်းဆီး အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
Source : DVB
Loading...