Breaking News


ဦးကိုနီလုပ္ႀကံမႈတြင္ ပါဝင္သူအေၾကာင္း ထုတ္ေဖာ္ၿပီးေနာက္ပိုင္း ဦးေအာင္စိုး၏ ဆံသဆိုင္ စီးပြားေရးက်ဆင္းသြား

Loading...


ရန္ကုန္ (Myanmar Now) - ရန္ကုန္ေလဆိပ္ လူသတ္ေကာင္ ဦးၾကည္လင္းကို ေစခိုင္းသူသည္ ဘုရားခိုးဂိုဏ္းဝင္ ဦးေအာင္ဝင္းေဇာ္ျဖစ္ႏိုင္ေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့သူ ဦးေအာင္စိုးက ထိုသို႔ ဖြင့္ခ်ေျပာဆိုၿပီး ေနာက္ပိုင္း သူ၏ ဆိုင္သို႔ လာေရာက္ဆံပင္ညွပ္၊ အလွျပင္သူဦးေရ သိသိသာသာ နည္းပါးသြားကာ စီးပြားေရး ထိခိုက္မႈရွိလာေၾကာင္း ေျပာသည္။

ယခင္အခ်ိန္မ်ားက တစ္ရက္လွ်င္ ပ်မ္းမွ်က်ပ္ ႏွစ္ေသာင္းေက်ာ္ ဝင္ေငြရရွိလာခဲ့ရာမွ ယခုရက္ပိုင္းအတြင္း ယခင္ဝင္ေငြ၏တစ္ဝက္ပင္ မရရွိေတာ့ေၾကာင္း၊ ထိုသုိ႔ျဖစ္ရျခင္းမွာ ထိုသို႔ထုတ္ေဖာ္ ေျပာၾကားၿပီးေနာက္ပိုင္း ပံုမွန္ေဖာက္သည္မ်ားကပင္ သူ၏ ဆိုင္တြင္ တစ္ခုခုျဖစ္လာႏိုင္မည္ကို စိုးရိမ္ ထိတ္လန္႔ကာ မလာေရာက္ၾကျခင္းေၾကာင့္ ျဖစ္ႏိုင္ေၾကာင္း ဦးေအာင္စိုးက ခန္႔မွန္းသည္။

“ဒါကေတာ့ ကၽြန္ေတာ္တို႔လူမ်ိဳးေတြရဲ႕ အေနအထားပဲလုိ႔ ကၽြန္ေတာ္ေတာ့ ယူဆတယ္။ ေထာင္က်ေနတုန္းကလည္း ေထာင္ထဲမွာ ေထာင္အရာရွိေတြကို အက်ဥ္းသားအခြင့္အေရးရဖို႔ တစ္ခုခု ကၽြန္ေတာ္က ထေတာင္းဆိုတာနဲ႔ အရင္က တပူးပူးေနခဲ့တဲ့သူေတြက ခြာေနၾကေရာ။ အခုလည္း ဒီလုိပဲထင္တယ္။ ကြ်န္ေတာ့္သတင္းထြက္လာၿပီးေနာက္ပိုင္း ကြ်န္ေတာ့္ဆိုင္မွာ တစ္ခုခုမ်ား ျဖစ္လာေတာ့မလား၊ ျဖစ္ခ်ိန္မွာ သူတို႔ရွိေနရင္ ဘယ္လိုလုပ္မလဲဆိုတဲ့ စိုးရိမ္စိတ္ေတြနဲ႔ ပံုမွန္ လာေနက်ေဖာက္သည္ေတြေတာင္ မလာၾကေတာ့ဘူး။ ကြ်န္ေတာ့္ဝင္ေငြ ထိခိုက္တာေပါ့” ဟု ၎ကေျပာသည္။

ဦးေအာင္စိုးသည္ ေထာင္မွ လြတ္ၿငိမ္းခ်မ္းသာခြင့္ျဖင့္ ၂ဝ၁၄ ခုႏွစ္တြင္ ျပန္လြတ္လာၿပီး ေနာက္ပိုင္း ကမာရြတ္ၿမိဳ႕နယ္တြင္ ဆံသဆိုင္ဖြင့္လွစ္လုပ္ကိုင္ခဲ့ရာမွ ၂ဝ၁၆ ခုႏွစ္ ေမလတြင္ အင္းစိန္ၿမိဳ႕နယ္၊ ေဖာ့ကန္ရပ္ကြက္သို႔ တစ္လ ႏွစ္သိန္းျဖင့္ ေနရာငွားရမ္းကာ ေျပာင္းေရႊ႕ဖြင့္လွစ္ခဲ့ေၾကာင္း၊ ယခုႏွစ္ ဇန္နဝါရီလမွ ေနာက္ထပ္ေျခာက္လအထိ ထပ္မံ ငွားရမ္းဖြင့္လွစ္ထားေၾကာင္း သိရသည္။

ဦးေအာင္စိုးသည္ ဦးကိုနီကိုလုပ္ႀကံမႈ က်ဴးလြန္သူဦးၾကည္လင္းႏွင့္ ယခင္ဘုရားခိုးမႈအမႈတြဲတစ္ခုတည္းျဖစ္သူ ဦးေအာင္ဝင္းေဇာ္တို႔ကို ၂ဝ၁ဝ ျပည့္ႏွစ္ဝန္းက်င္က မႏၱေလးအိုဘိုေထာင္ အေဆာင္အမွတ္ (၃) ၌ ေတြ႕ဆံုခဲ့ဖူးသူျဖစ္ၿပီး ရန္ကုန္ေလဆိပ္ ေသနတ္သမား ဦးၾကည္လင္း၏ ဓာတ္ပံုကို အင္တာနက္တြင္ ေတြ႔ေတြ႔ခ်င္းပင္ ဦးေအာင္ဝင္းေဇာ္၏ လက္ခ်က္ ျဖစ္ႏိုင္ေၾကာင္း Myanmar Now ကို ဆက္သြယ္ ေျပာၾကားခဲ့သူျဖစ္သည္။

ဦးေအာင္ဝင္းေဇာ္သည္ ၿပီးခဲ့သည့္ႏွစ္လယ္ပိုင္းက ၎ထံသုိ႔လာၿပီး လူမ်ိဳးျခား ဘာသာျခား ႏိုင္ငံျခား သံတမန္တစ္ဦးကို ေန႔ခင္းေၾကာင္ေတာင္၊ ရန္ကုန္ၿမိဳ႕လယ္ေခါင္တြင္ ပစ္သတ္ရမည့္အလုပ္ကို က်ပ္ သိန္း ၁,ဝဝဝ အထိ ေပးမည္ဟု ကမ္းလွမ္းခဲ့ဖူးေၾကာင္း၊ ဦးၾကည္လင္းႏွင့္ ဦးေအာင္ဝင္းေဇာ္တို႔ နီးနီကပ္ကပ္ ဆက္ဆံမႈရွိသူျဖစ္ေၾကာင္း ဦးေအာင္စိုးက ဦးကိုနီလုပ္ႀကံခံရၿပီး မၾကာမီမွာပင္ Myanmar Now ကို ဆက္သြယ္ ေျပာၾကားခဲ့သည္။

ယခုကဲ့သို႔ ဦးေအာင္စိုး ထုတ္ေဖာ္ေျပာၾကားခဲ့မႈ သတင္းမ်ားထြက္လာၿပီးေနာက္ပိုင္း ဦးေအာင္စိုး၏ လံုၿခံဳေရးကို စိတ္ပူမိေသာ္လည္း စိုးရိမ္တႀကီးေတာ့ မျဖစ္ေၾကာင္း ဦးေအာင္စိုး၏ဇနီးျဖစ္သူ ေဒၚသန္းသန္းေအးက ေျပာသည္။
“အခုေတာ့ လံုၿခံဳေရးကို စိုးရိမ္တာေပါ့။ ဒါေပမယ့္ မေၾကာက္ပါဘူး။ ကံပဲေပါ့။ ဘယ္သူတစ္ဦးက ဘာျဖစ္မယ္ဆိုတာ ႀကိဳမွ မသိတာ။ တျခားကကိုယ့္ကို ဘယ္အခ်ိန္လာလုပ္ႀကံမယ္ဆိုတာလဲ ႀကိဳမွမသိတာ။ အဲ့ဒါႀကီးကိုေတြးပူၿပီး အိပ္မေပ်ာ္ စားမဝင္ျဖစ္ေနရင္ ကိုယ္ပဲေရာဂါရမွာေပါ့။ ဒါေပမယ့္ ဒီလိုအခ်ိန္မွာ သူ႔လံုၿခံဳေရးကို အာဏာပိုင္ေတြအေနနဲ႔ ေပးသင့္တယ္လို႔ေတာ့ ယူဆတယ္” ဟု ေဒၚသန္းသန္းေအးက ဆိုသည္။

ထုိ႔အတူ ဦးေအာင္စိုး၏လံုၿခံဳေရးကို စိတ္ပူမိေၾကာင္း ရပ္ကြက္ေနျပည္သူတခ်ိဳ႕ကသာမက၊ ၎ႏွင့္ရင္းႏွီးကၽြမ္းဝင္သူ ေဖာ့ကန္ရပ္ကြက္ရွိ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္၏ အေမ့အိမ္စာသင္ေက်ာင္းမွ တာဝန္ရွိသူမ်ားကပါ ေျပာၾကသည္။
“ကၽြန္မတို႔ သူ႔သတင္းၾကားၿပီးကတည္းက သူ႔အတြက္ ေတာ္ေတာ္ေလးစိတ္ပူမိတယ္။ သူက လူေအးပါ။ စိတ္ေကာင္းေစတနာလည္းရွိတဲ့သူ။ ေငြေၾကးလည္း ျပည့္စံုတဲ့သူ မဟုတ္ဘူး။ သူ႔ဆိုင္ေလးကို ဒီမွာ ဆက္ဖြင့္ဖုိ႔ေတာင္မွ သူ႔ဆိုင္ကယ္ေလးကို ေပါင္ၿပီးေတာ့ စာခ်ဳပ္ထပ္ခ်ဳပ္ထားရတာ။ အခုလိုသတင္းေတြေၾကာင့္ သူ႔ကို လာလုပ္ႀကံမလားလုိ႔ေပါ့။ ဒီလမ္းက ညဆို ၈ နာရီ ေက်ာ္တာနဲ႔ လူေျခတိတ္သြားၿပီ။ အဲ့ဒါေၾကာင့္ အခုဆို အိမ္ေရွ႕မီးကိုေတာင္ တစ္ညလံုး ဖြင့္ထားလိုက္တယ္။ တစ္ခုခုဆို လင္းလင္းရွင္းရွင္းျဖစ္ေနေအာင္” ဟု ဦးေအာင္စိုးဆိုင္ေရွ႕ဘက္ မုန္႔ႏွင့္အေအးဆိုင္ပိုင္ရွင္အမ်ိဳးသမီးျဖစ္သူက Myanmar Now ကို ေျပာသည္။

ဦးေအာင္စိုးက သူ၏ လုံၿခံဳေရးအတြက္ တာဝန္ရွိသူမ်ားဘက္က ယခုထိ တိုက္႐ိုက္ေျပာဆိုထားျခင္းမရွိေသးဟု ေဖေဖာ္ဝါရီ ၅ ရက္ေန႔တြင္ Myanmar Now ကို ေျပာသည္။
“ကၽြန္ေတာ့္ကို ရဲတပ္ဖြဲ႕က လုံၿခံဳေရးယူေပးတယ္ဆိုတာမ်ဳိး တိုက္႐ိုက္လာေျပာတာ မရွိေသးပါဘူး။ ဒါေပမယ့္ ပတ္ဝန္းက်င္က လူေတြက အရပ္ဝတ္နဲ႔ရဲေတြ သြားလာေစာင့္ၾကည့္ေပးေနတယ္လို႔ ကၽြန္ေတာ့္ကို လာအသိေပးပါတယ္။ ကၽြန္ေတာ္ အျပင္သြား အျပင္လာကိုလည္း လိုက္ပါေပးမေပး ကၽြန္ေတာ္မသိပါဘူး။ ကၽြန္ေတာ့္ကို လိုက္ေစာင့္ေရွာက္ေပးပါတယ္လို႔ လာမေျပာထားေတာ့ ကၽြန္ေတာ္လည္း ဘယ္သြားမယ္ ဘယ္လာမယ္ဆိုတာကို သူတို႔ဆီ သတင္းပို႔တာမ်ဳိးမလုပ္ပါဘူး”ဟု ေျပာသည္။

ဦးကိုနီကိုလုပ္ႀကံသူ ဦးၾကည္လင္းကို ခိုင္းေစညႊန္ၾကားသူသည္ ဦးေအာင္ဝင္းေဇာ္ျဖစ္ႏိုင္ေၾကာင္း Myanmar Now က သတင္းေရးသားၿပီးေနာက္ပိုင္း ဦးေအာင္ဝင္းေဇာ္ကို ေလဆိပ္လုပ္ႀကံမႈၿပီး ေနာက္တစ္ေန႔တြင္ ဘားအံၿမိဳ႕၊ သံလြင္တံတား၌ ဖမ္းဆီးရမိခဲ့ေၾကာင္း ေဖေဖာ္ဝါရီ ၃ ရက္ေန႔ ညေနပိုင္းတြင္ သတင္းထုတ္ျပန္ခဲ့သည္။ ။

ထက္ေခါင္လင္း/ Myanmar Now
https://www.facebook.com/myanmarnownews


ရန်ကုန် (Myanmar Now) - ရန်ကုန်လေဆိပ် လူသတ်ကောင် ဦးကြည်လင်းကို စေခိုင်းသူသည် ဘုရားခိုးဂိုဏ်းဝင် ဦးအောင်ဝင်းဇော်ဖြစ်နိုင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သူ ဦးအောင်စိုးက ထိုသို့ ဖွင့်ချပြောဆိုပြီး နောက်ပိုင်း သူ၏ ဆိုင်သို့ လာရောက်ဆံပင်ညှပ်၊ အလှပြင်သူဦးရေ သိသိသာသာ နည်းပါးသွားကာ စီးပွားရေး ထိခိုက်မှုရှိလာကြောင်း ပြောသည်။ယခင်အချိန်များက တစ်ရက်လျှင် ပျမ်းမျှကျပ် နှစ်သောင်းကျော် ဝင်ငွေရရှိလာခဲ့ရာမှ ယခုရက်ပိုင်းအတွင်း ယခင်ဝင်ငွေ၏တစ်ဝက်ပင် မရရှိတော့ကြောင်း၊ ထိုသို့ဖြစ်ရခြင်းမှာ ထိုသို့ထုတ်ဖော် ပြောကြားပြီးနောက်ပိုင်း ပုံမှန်ဖောက်သည်များကပင် သူ၏ ဆိုင်တွင် တစ်ခုခုဖြစ်လာနိုင်မည်ကို စိုးရိမ် ထိတ်လန့်ကာ မလာရောက်ကြခြင်းကြောင့် ဖြစ်နိုင်ကြောင်း ဦးအောင်စိုးက ခန့်မှန်းသည်။“ဒါကတော့ ကျွန်တော်တို့လူမျိုးတွေရဲ့ အနေအထားပဲလို့ ကျွန်တော်တော့ ယူဆတယ်။ ထောင်ကျနေတုန်းကလည်း ထောင်ထဲမှာ ထောင်အရာရှိတွေကို အကျဉ်းသားအခွင့်အရေးရဖို့ တစ်ခုခု ကျွန်တော်က ထတောင်းဆိုတာနဲ့ အရင်က တပူးပူးနေခဲ့တဲ့သူတွေက ခွာနေကြရော။ အခုလည်း ဒီလိုပဲထင်တယ်။ ကျွန်တော့်သတင်းထွက်လာပြီးနောက်ပိုင်း ကျွန်တော့်ဆိုင်မှာ တစ်ခုခုများ ဖြစ်လာတော့မလား၊ ဖြစ်ချိန်မှာ သူတို့ရှိနေရင် ဘယ်လိုလုပ်မလဲဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ ပုံမှန် လာနေကျဖောက်သည်တွေတောင် မလာကြတော့ဘူး။ ကျွန်တော့်ဝင်ငွေ ထိခိုက်တာပေါ့” ဟု ၎င်းကပြောသည်။ဦးအောင်စိုးသည် ထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ၂ဝ၁၄ ခုနှစ်တွင် ပြန်လွတ်လာပြီး နောက်ပိုင်း ကမာရွတ်မြို့နယ်တွင် ဆံသဆိုင်ဖွင့်လှစ်လုပ်ကိုင်ခဲ့ရာမှ ၂ဝ၁၆ ခုနှစ် မေလတွင် အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်သို့ တစ်လ နှစ်သိန်းဖြင့် နေရာငှားရမ်းကာ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ကြောင်း၊ ယခုနှစ် ဇန်နဝါရီလမှ နောက်ထပ်ခြောက်လအထိ ထပ်မံ ငှားရမ်းဖွင့်လှစ်ထားကြောင်း သိရသည်။ဦးအောင်စိုးသည် ဦးကိုနီကိုလုပ်ကြံမှု ကျူးလွန်သူဦးကြည်လင်းနှင့် ယခင်ဘုရားခိုးမှုအမှုတွဲတစ်ခုတည်းဖြစ်သူ ဦးအောင်ဝင်းဇော်တို့ကို ၂ဝ၁ဝ ပြည့်နှစ်ဝန်းကျင်က မန္တလေးအိုဘိုထောင် အဆောင်အမှတ် (၃) ၌ တွေ့ဆုံခဲ့ဖူးသူဖြစ်ပြီး ရန်ကုန်လေဆိပ် သေနတ်သမား ဦးကြည်လင်း၏ ဓာတ်ပုံကို အင်တာနက်တွင် တွေ့တွေ့ချင်းပင် ဦးအောင်ဝင်းဇော်၏ လက်ချက် ဖြစ်နိုင်ကြောင်း Myanmar Now ကို ဆက်သွယ် ပြောကြားခဲ့သူဖြစ်သည်။ဦးအောင်ဝင်းဇော်သည် ပြီးခဲ့သည့်နှစ်လယ်ပိုင်းက ၎င်းထံသို့လာပြီး လူမျိုးခြား ဘာသာခြား နိုင်ငံခြား သံတမန်တစ်ဦးကို နေ့ခင်းကြောင်တောင်၊ ရန်ကုန်မြို့လယ်ခေါင်တွင် ပစ်သတ်ရမည့်အလုပ်ကို ကျပ် သိန်း ၁,ဝဝဝ အထိ ပေးမည်ဟု ကမ်းလှမ်းခဲ့ဖူးကြောင်း၊ ဦးကြည်လင်းနှင့် ဦးအောင်ဝင်းဇော်တို့ နီးနီကပ်ကပ် ဆက်ဆံမှုရှိသူဖြစ်ကြောင်း ဦးအောင်စိုးက ဦးကိုနီလုပ်ကြံခံရပြီး မကြာမီမှာပင် Myanmar Now ကို ဆက်သွယ် ပြောကြားခဲ့သည်။ယခုကဲ့သို့ ဦးအောင်စိုး ထုတ်ဖော်ပြောကြားခဲ့မှု သတင်းများထွက်လာပြီးနောက်ပိုင်း ဦးအောင်စိုး၏ လုံခြုံရေးကို စိတ်ပူမိသော်လည်း စိုးရိမ်တကြီးတော့ မဖြစ်ကြောင်း ဦးအောင်စိုး၏ဇနီးဖြစ်သူ ဒေါ်သန်းသန်းအေးက ပြောသည်။
“အခုတော့ လုံခြုံရေးကို စိုးရိမ်တာပေါ့။ ဒါပေမယ့် မကြောက်ပါဘူး။ ကံပဲပေါ့။ ဘယ်သူတစ်ဦးက ဘာဖြစ်မယ်ဆိုတာ ကြိုမှ မသိတာ။ တခြားကကိုယ့်ကို ဘယ်အချိန်လာလုပ်ကြံမယ်ဆိုတာလဲ ကြိုမှမသိတာ။ အဲ့ဒါကြီးကိုတွေးပူပြီး အိပ်မပျော် စားမဝင်ဖြစ်နေရင် ကိုယ်ပဲရောဂါရမှာပေါ့။ ဒါပေမယ့် ဒီလိုအချိန်မှာ သူ့လုံခြုံရေးကို အာဏာပိုင်တွေအနေနဲ့ ပေးသင့်တယ်လို့တော့ ယူဆတယ်” ဟု ဒေါ်သန်းသန်းအေးက ဆိုသည်။ထို့အတူ ဦးအောင်စိုး၏လုံခြုံရေးကို စိတ်ပူမိကြောင်း ရပ်ကွက်နေပြည်သူတချို့ကသာမက၊ ၎င်းနှင့်ရင်းနှီးကျွမ်းဝင်သူ ဖော့ကန်ရပ်ကွက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အမေ့အိမ်စာသင်ကျောင်းမှ တာဝန်ရှိသူများကပါ ပြောကြသည်။
“ကျွန်မတို့ သူ့သတင်းကြားပြီးကတည်းက သူ့အတွက် တော်တော်လေးစိတ်ပူမိတယ်။ သူက လူအေးပါ။ စိတ်ကောင်းစေတနာလည်းရှိတဲ့သူ။ ငွေကြေးလည်း ပြည့်စုံတဲ့သူ မဟုတ်ဘူး။ သူ့ဆိုင်လေးကို ဒီမှာ ဆက်ဖွင့်ဖို့တောင်မှ သူ့ဆိုင်ကယ်လေးကို ပေါင်ပြီးတော့ စာချုပ်ထပ်ချုပ်ထားရတာ။ အခုလိုသတင်းတွေကြောင့် သူ့ကို လာလုပ်ကြံမလားလို့ပေါ့။ ဒီလမ်းက ညဆို ၈ နာရီ ကျော်တာနဲ့ လူခြေတိတ်သွားပြီ။ အဲ့ဒါကြောင့် အခုဆို အိမ်ရှေ့မီးကိုတောင် တစ်ညလုံး ဖွင့်ထားလိုက်တယ်။ တစ်ခုခုဆို လင်းလင်းရှင်းရှင်းဖြစ်နေအောင်” ဟု ဦးအောင်စိုးဆိုင်ရှေ့ဘက် မုန့်နှင့်အအေးဆိုင်ပိုင်ရှင်အမျိုးသမီးဖြစ်သူက Myanmar Now ကို ပြောသည်။ဦးအောင်စိုးက သူ၏ လုံခြုံရေးအတွက် တာဝန်ရှိသူများဘက်က ယခုထိ တိုက်ရိုက်ပြောဆိုထားခြင်းမရှိသေးဟု ဖေဖော်ဝါရီ ၅ ရက်နေ့တွင် Myanmar Now ကို ပြောသည်။
“ကျွန်တော့်ကို ရဲတပ်ဖွဲ့က လုံခြုံရေးယူပေးတယ်ဆိုတာမျိုး တိုက်ရိုက်လာပြောတာ မရှိသေးပါဘူး။ ဒါပေမယ့် ပတ်ဝန်းကျင်က လူတွေက အရပ်ဝတ်နဲ့ရဲတွေ သွားလာစောင့်ကြည့်ပေးနေတယ်လို့ ကျွန်တော့်ကို လာအသိပေးပါတယ်။ ကျွန်တော် အပြင်သွား အပြင်လာကိုလည်း လိုက်ပါပေးမပေး ကျွန်တော်မသိပါဘူး။ ကျွန်တော့်ကို လိုက်စောင့်ရှောက်ပေးပါတယ်လို့ လာမပြောထားတော့ ကျွန်တော်လည်း ဘယ်သွားမယ် ဘယ်လာမယ်ဆိုတာကို သူတို့ဆီ သတင်းပို့တာမျိုးမလုပ်ပါဘူး”ဟု ပြောသည်။ဦးကိုနီကိုလုပ်ကြံသူ ဦးကြည်လင်းကို ခိုင်းစေညွှန်ကြားသူသည် ဦးအောင်ဝင်းဇော်ဖြစ်နိုင်ကြောင်း Myanmar Now က သတင်းရေးသားပြီးနောက်ပိုင်း ဦးအောင်ဝင်းဇော်ကို လေဆိပ်လုပ်ကြံမှုပြီး နောက်တစ်နေ့တွင် ဘားအံမြို့၊ သံလွင်တံတား၌ ဖမ်းဆီးရမိခဲ့ကြောင်း ဖေဖော်ဝါရီ ၃ ရက်နေ့ ညနေပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။ ။ထက်ခေါင်လင်း/ Myanmar Now
https://www.facebook.com/myanmarnownews
Loading...