နိုင်ငံတော်အတိုင်ပင်ခံတက်ရောက်မည့် ပင်လုံပြည်ထောင်စုနေ့ အခမ်းအနားကို လုံခြုံရေးစည်း(၇)စည်းဖြင့် ဆောင်ရွက်ထား

Loading...
_________________________________________________________
နိုင်ငံတော်အတိုင်ပင်ခံတက်ရောက်မည့် ပင်လုံပြည်ထောင်စုနေ့ အခမ်းအနားကို လုံခြုံရေးစည်း(၇)စည်းဖြင့် ဆောင်ရွက်ထား


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တက်ရောက်မည့် ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့တွင်ကျင်းပမည့် ပြည်ထောင်စုနေ့အခမ်းအနားအတွက် လုံခြုံရေးအစီအစဉ်အား အပိုင်း (၇)ပိုင်းဖြင့် တိုးမြှင့်ဆောင်ရွက်ထားကြောင်း သိရသည်။
''အဲဒီနေ့မှာလည်း ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ ကိုယ်စားလှယ်အဖွဲ့အစည်းတွေ ၁၈ ယောက်လောက်ရှိတယ်။ အဲဒီ ၁၈ယောက်နဲ့ ပြည်ထောင်စုနေ့ အခမ်းအနားပြီးတာနဲ့ အလွတ်သဘောဆွေးနွေးမှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ အတွေးအမြင်၊ အတွေးအခေါ်တွေ နှီးနှောဖလှယ်တဲ့သဘောပါ။ အဲဒီမှာ အလွတ်သဘောဆွေးနွေးဖို့ အစီအစဉ်ရှိပါတယ်''ဟု ရှမ်းပြည်နယ်အစိုးရဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှန်တစ်လုံက ပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်းရှိ သမိုင်းဝင်ပင်လုံတွင် နှစ် ၇၀ မြောက် ပြည်ထောင်စုနေ့ကျင်းပရေးအတွက် ရှမ်းပြည်နယ်အစိုးရမှ လုံခြုံရေးနှင့် စည်းကမ်းထန်းသိမ်းရေးကော်မတီကို ပြီးခဲ့သည့်ရက်သတ္တပတ်က ဖွဲ့စည်းခဲ့ပြီး ပွဲကျင်းပနိုင်ရေးအတွက် လုံခြုံရေးအပိုင်း (၇)ပိုင်းနှင့် လုံခြုံရေးစက် ကိရိယာများပါ အပြည့်အ၀ထားရှိပါကြောင်း ဖေဖော်ဝါရီလ ၉ ရက်နေ့မှစ၍ ၁၃ ရက်နေ့အထိ လုံခြုံရေးအပိုင်းကို အင်အား ခန့်မှန်း ၁၅၀၀ ကျော်ဖြင့် တင်းကျပ်စွာဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ရုံးထံမှ သိရ သည်။
''လုံခြုံရေးစတင် တာဝန်ထမ်းဆောင်တဲ့နေ့ကတော့ ၉ ရက်နေ့ကနေ ၁၃ ရက်နေ့ထိပါ။ အချို့တ၀က် တွေကတော့ အခုကတည်းကရောက်နေတာလည်း ရှိပါတယ်။ ကွပ်ကဲရုံးတွေလည်း ထားထားပါတယ်။ လုံခြုံရေးအထောက်အကူပြုပစ္စည်းတွေကိုလည်း အပြည့်အ၀ထားထားပါတယ်''ဟု ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။
အဆိုပါပြည်ထောင်စုနေ့ အခမ်းအနားအပြီးတွင် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်က ငြိမ်းချမ်းရေးကိုယ်စားလှယ် (၁၈)ဦးနှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ လုံခြုံရေးကို အပိုင်း(၇)ပိုင်းဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး အပိုင်း(၁) မြေပြင်လုံခြုံရေး၊ (၂)လမ်းကြောင်းလုံခြုံရေး၊ (၃) လူပုဂ္ဂိုလ်လုံခြုံရေး၊ (၄)ယာဉ်တန်းလုံခြုံရေး၊ (၅)နယ်မြေလုံခြုံရေး၊ (၆) အရေးပေါ်လုံခြုံရေး၊ (၇)မီးသတ် လုံခြုံရေးတို့ဖြင့် ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း သိရသည်။
Tachileik News Agency
Loading...