Breaking News


ရွှေလုပ်ကွက်ဟောင်းပြိုကျမှုကြောင့် ခုနှစ်ဦးသေဆုံး

Loading...


စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ထိန်ကုန်းကျေးရွာအနီးရှိရွှေလုပ်ကွက်ဟောင်းတစ်ခုသည် ဇန်န၀ါရီလ ၂၉ရက်နေ့ကပြိုကျမှုဖြစ်ပွားခဲ့ကာ ခုနှစ်ဦးသေဆုံးခဲ့ပြီး လေးဦးသာတူးဖော်ရရှိထားကြောင်း ထိန်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းလှိုင်က ရှမ်းနီအသံသို့ပြောကြားသည်။

အဆိုပါ ပြိုကျမှုသည် ဇန်န၀ါရီလ၂၉ရက်နေ့ကဖြစ်ပွားခဲ့ပြီးယနေ့ ဇန်န၀ါရီလ၃၁ရက်ညနေချိန်ထိ တူးဖော်ရရှိသူနှစ်လသားအရွယ် ကလေးငယ်တစ်ဦးအပါအ၀င် လေးဦးရှိပြီဖြစ်ကြောင်း သိရသည်။

သေဆုံးသူခုနှစ်ဦးရှိပြီး ပြန်လည်ရရှိပြီးသူလေးဦးမှာမငွေကြည် (ခ)မနွယ် အသက်(၃၈)နှစ်၊မသဉ္စာဝင်း အသက်(၂၅)နှစ်၊မသင်းသင်းလှိုင် (ခ) မနန်းနန်းနှင့် ၄င်း၏နှစ်လသားအရွယ် ကလေးငယ်တို့ဖြစ်ပြီးဦးသာရွှေ အသက်(၄၁)နှစ်၊ဦးမောင်စိုးအသက်(၄၁)နှစ်၊မောင်ပြည့်စုံအောင် အသက် (၈)နှစ် တို့ကိုဆက်လက်ရှာဖွေနေကြောင်းသိရသည်။
‘’ပြိုတာကကျင်းဟောင်းကြီးပါ။အင်ဝိုင်းလေးနဲ့ဝိုင်းစားတဲ့ လက်ဝိုင်းသမားလေးတွေကို ကျွန်တော်တို့ ခဏခဏတားမြစ်ပါတယ်။ပြိုကျလိမ့်မယ်တားတဲ့ကြားက ဖြစ်သွားတော့ ကျွန်တော်တို့ စိတ်မကောင်းဖြစ်ရပါတယ်။အခုသက်ဆိုင်ရာကတွေရော ကျွန်တော်တို့ မီးသတ်တွေရောစုပေါင်းပြီးစက်ငါးလုံးနဲ့ ဆက်တိုက်ရှာဖွေနေပါတယ်။’’ဟုထိန်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းလှိုင်ကရှမ်းနီအသံသို့ ပြောသည်။

ဟုမ္မလင်းမြို့နယ်တွင် ရွှေတူးဖော်ခြင်းကို ခွင့်ပြုထားသည်ထက် ပိုလုပ်ကိုင်နေကြပြီးမကြာခဏ ရွှေလုပ်ကွက် ပြိုကျ၍ လူသေဆုံးခြင်း၊လယ်ယာမြေများပျက်စီးလာခြင်း၊သစ်တောပြုန်းတီးခြင်း၊ ရာသီဥတု ဖောက်ပြန်ခြင်း တို့ကို တွေ့ကြုံခံစားလာရသည်။

ဟုမ္မလင်းမြို့နယ်အတွင်းရှိ ရွှေတူးဖော်ရေးလုပ်ကိုင်နေသူအများစုသည် ဥပဒေ၊နည်းဥပဒေ၊စည်းမျဉ်းစည်းကမ်းများကိုမလိုက်နာဘဲတူးဖော်လုပ်ကိုင်နေခြင်းကြောင့် ယာယီပိတ်သိမ်းရန်ညွန်ကြားထားပြီး ဖြစ်ပါသည်ဟုစစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိမ်းသိမ်းရေး မူဝါဒ သဘောထားဆွေးနွေးချက် (၂၄.၁.၂၀၁၇)တွင် ဖော်ပြပါရှိပါသည်။

The Voice of Shan-Ni
Loading...