Breaking News


အရှေ့တိုင်းမြန်မာ့တန်ဖိုးကို ကျဆင်းသွားစေတဲ့ Valentine’s Day (ခေါ်) ချစ်သူများနေ့


Loading...
အရှေ့တိုင်းမြန်မာ့တန်ဖိုးကို ကျဆင်းသွားစေတဲ့
Valentine’s Day (ခေါ်) ချစ်သူများနေ့
------ ------ -------
မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်တဲ့အပြင်၊ တိုင်းရင်းသားမဟုတ်တဲ့ လူတွေလည်း နေထိုင်ကြပါတယ်။
ဥပမာ- တ ရုတ်၊ ကုလား၊ ဟိန္ဒူ၊ မွတ်စလင်၊ ဂျူး၊ အင်္ဂလိပ် စတဲ့လူမျိုးခြားတွေလည်း နေထိုင်ကြပါတယ်။
အဲဒီလိုနေထိုင်တဲ့အတွက်လည်း ကိုယ့်လူမျိုးဘာသာရဲ့ ပွဲတော်တွေကို လွတ်လွတ်လပ်လပ် ကျင်းပခွင့်ရကြပါတယ်။ တရုတ်နှစ်သစ်ကူး၊ ဟိန္ဒူဒေ၀ါလီ၊ မွတ်စလင်အစ်နေ့၊ အင်္ဂလိပ်ခရစ္စမတ် စတဲ့နေ့တွေမှာ ပွဲတော်တွေကျင်းပကြတယ်။ အခွင့်လည်း ပေးထားတယ်။ ဒီဘာသာရေး ပွဲတော်တွေဟာကျင်းပလို့ ဘယ်သူ့ကိုမှ မထိခိုက်စေပါဘူး။ ကမ္ဘေကမ္ဘာကတည်းက ယုံကြည်မှုနဲ့ဖြစ်တည်လာတဲ့ ဘာသာရေးပွဲတော်တွေပါ။
မြန်မာတွေမှာတော့ ဘာသာရေးပွဲတော်တွေ အများအပြားရှိပါတယ်။ ၁၂ လရာသီဟာ ပွဲတော်တွေချည်းပါပဲ။ သီတင်းကျွတ်ပွဲတော်၊ တန်ဆောင်တိုင်ပွဲတော်၊ တပို့တွဲထမနဲပွဲ၊ တပေါင်းမှာ တပေါင်းပွဲ၊ တန်ခူးမှာ တနှစ်ကူးတဲ့ သင်္ကြန်ပွဲတော် စသဖြင့်ရှိကြပါတယ်။
ဒါပေမဲ့ အခုတော့ မြန်မာပြည်မှာ ဘယ်ဘာသာရေးပွဲတော်မှ မဟုတ်တဲ့ ဘာလင်တိုင်းဒေး (ခေါ်) ချစ်သူများနေ့ရယ်လို့ ဖေဖော်ဝါရီ ၁၄ ရက်မှာ လူငယ်လူရွယ်တွေ ကျင်းပနေကြတယ်။ ဒါဟာ တခြားနိုင်ငံနဲ့ ဥရောပအနောက်နိုင်ငံတွေမှာတော့ သူတို့ပုံစံနဲ့ သူတို့ ကျင်းပတတ်ကြမှာပါ။ ဒါပေမဲ့ ဗမာပြည်ကို ဒီဓလေ့ရောက်လာတာဟာ ၁၉၈၈ နောက်ပိုင်းလို့ပဲ ထင်ပါတယ်။ ဖဆပလခေတ်၊ မဆလခေတ် စတဲ့ခေတ် တွေမှာမရှိခဲ့ပါဘူး။ အခုမှဒီနေ့ကို အထူးတလည်ပွဲတော်ကျင်းပနေကြပါတယ်။
ဘာလင်တိုင်းဒေးဆိုတဲ့ နေ့တနေ့ အနောက်နိုင်ငံမှာ ဘယ်လို ဘယ်ပုံပေါ်ပေါက်လာသလဲဆိုတဲ့ အဓိပ္ပာယ်ကိုလည်း သိချင်မှသိကြမယ်။
ဒါကို အလေးအနက်ထားစရာမလို။ ပြီးတော့ ဒီနေ့အတွက်ဆိုပြီး ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းတွေမှာ လူငယ်လူလတ် အပျော်ကြူးမယ့်သူတွေဟာ လွတ်လပ်စွာ လိင်ဆက်ဆံဖို့အတွက် အခန်းငှားကြတာ၊ အခန်းတွေကို ငှားမလောက်အောင် ပြည့်နေပါသတဲ့။ ဒါဟာ ဘာကိုပြသလဲဆိုရင်
တိုင်းပြည် လူမျိုးရဲ့ယဉ်ကျေးမှု၊ မြန်မာလူမျိုးတို့ရဲ့တန်ဖိုးထားရာ အရာတွေကို နင်းချေဖျက်ဆီးနေကြတာပါပဲ။ ဒါဟာမြန်မာ့ယဉ်ကျေးမှုသရုပ်လည်း မဟုတ်ပါဘူး။ တခြားနိုင်ငံကလာတဲ့ စရိုက်လက္ခဏာကို ပုံတူကူးတဲ့ ယဉ်ကျေးမှုပျက်တခုပါပဲ။
လူငယ်တွေဟာ အတတ်ပညာ၊ အသိပညာတွေဘက်ကို စိတ်မ၀င်စားကြတော့ဘဲ ဘာလင်တိုင်းဒေးဆိုတဲ့ လိင်ဆက်ဆံမှုနေ့တနေ့ကိုပဲ စိတ်ဝင်စားနေကြတာဟာ တိုင်းပြည်ရဲ့အနုတ်လက္ခဏာပဲဖြစ်တယ်။
ဒီအပြုအမူနဲ့ပတ်သက်လို့ ဆရာမြသန်းတင့် ဘာသာပြန်တဲ့ သုခမြို့တော်စာအုပ်ထဲက အိန္ဒိယက ဓလေ့တခုကို သွားသတိရမိပါတယ်။ သူတို့ဆီမှာ အဲဒီလိုဓလေ့တခုရှိပါတယ်။ အဲဒီနေ့ ယောကျာ်းတွေ၊ မိန်းမတွေဟာ ပွဲတော်လာပြီး မီးမှိန်မှိန်မှာ ဘယ်သူရယ် ဘယ်ဝါရယ်မှန်းမသိဘဲ ညီအစ်ကိုမောင်နှမမှန်းလည်း မသိဘဲ လွတ်လွတ်လပ်လပ် လိင်ဆက်ဆံပျော်မြူးကြပါသတဲ့။
အဆောင်တွေနေရာတွေလည်း အများအပြား ဆောက်ပေးထားပါသတဲ့။ အဲဒါကို ပွဲတော်တခုလို ကျင်းပပေးကြပါတယ်။
တချိန်က တိဗက်လူမျိုးတွေဟာ အိမ်တအိမ်မှာ ယောကျာ်းတ ယောက်က မအေရော၊ သမီးပါယူထားကြတာ။ အစ်မရော၊ ညီမရော ယူထားကြတာ ဓလေ့တခုရှိခဲ့ပါတယ်။ ဒီဓလေ့စရိုက်တွေဟာ ကောင်း သလား၊ မကောင်းသလား။ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းမှာ ဒါဟာ ဆက်လက်ထိန်းသိမ်းထားသင့်သလား၊ မထိန်းသိမ်းသင့်ဘူးလားဆိုတာ စဉ်းစားဥာဏ်ရှိတဲ့လူတွေ စဉ်းစားကြဖို့ပါပဲ။ အယဉ်ကနေ တိရစ္ဆာန် အရိုင်းဘ၀ကို ရောက်သွားစေတဲ့ ဓလေ့တခုပါပဲ။
အခုအခါမှာ ဘာလင်တိုင်းဒေးဆိုပြီး မြန်မာအသံလွှင့်ဌာန FM ရေဒီယိုတွေကပါ အားပေးနေကြ အသံလွှင့်ပေးနေကြတာ တွေ့ရပါတယ်။
တိုင်းပြည်ရဲ့အနာဂတ်ကို လူငယ်တွေ ပိုင်စိုးကြမှာပါ။ တိုင်းပြည်ရဲ့ အနာဂတ်အညွန့်အဖူးတွေဟာ ဒီတိုင်းပြည် ဘယ်လိုအနေအထားမှာ ရှိသလဲ။ ဘာတွေလိုအပ်နေသလဲ၊ ငါတို့ ဘာတွေပံ့ပိုးလုပ်ဆောင်ရမလဲဆိုတဲ့ စိတ်ဓာတ်တွေပျက်ပြားပြီး ဘာလင်တိုင်းဒေးဆိုပြီး လိင်ကိစ္စပျော်ဖို့ပါးဖို့နဲ့ အနာဂတ်လမ်းပျောက်ဖို့ ကိစ္စတွေမှာ နစ်မွန်းအောင် ဘယ်သူတွေက ဖန်တီးပေးနေကြသလဲဆိုတာ စဉ်းစားသင့်ပါပြီ။ လူငယ်တွေ လမ်းမှန်ကမ်းမှန် အတွေးမှန်အမြင်မှန် မရောက်လေ တဖက်က တိုင်းပြည်ကို ဒီမိုကရေစီလမ်းကိုမရောက်အောင် ဖျက်ဆီးနေ ကြတဲ့ အဖျက်သမားများရဲ့ ရည်ရွယ်ချက်အောင်မြင်လေပဲ။
အဲဒီတော့ ဘာလင်တိုင်းဒေး (ခေါ်) ချစ်သူများနေ့ဆိုပြီး လမ်းမတွေပေါ်မှာ ဆင်တူဝတ်စုံတွေနဲ့ လမ်းထွက်လျှောက်ပြနေကြတာတွေဟာ တိုင်းပြည်မှာ တကယ်လိုအပ်ပါသလား၊ တကယ်မှန်ကန်တဲ့လုပ်ရပ် လား၊
ယဉ်ကျေးမှုလားဆိုတာစဉ်းစားကြဖို့လိုပါတယ်။
ဒါကြောင့် လူငယ်လူရွယ်တွေ ဘ၀နစ်မွန်းအောင်၊ လိင်ဆက်ဆံရာကတဆင့် ရောဂါဘယထူပြောလာအောင်၊
လူငယ်တွေ ဘ၀ပျက်အောင်လုပ်ပေးနေကြတဲ့၊ အားပေးအားမြှောက်လုပ်နေကြတဲ့သူတွေဟာ အနာဂတ်အညွန့်အဖူးလေးတွေရဲ့ ဘ၀ပျက်အောင် အညွန့်ချိုးခြင်း၊
ဒီမိုကရေစီ ပျက်စီးရာပျက်စီးကြောင်း လုပ်ဆောင်နေကြခြင်းပဲလို့သာ ပြောပါရစေ။
စောပြည့်ညို
NewsWatchJournal
Loading...