ပြည်ထဲရေးဝန်ကြီးဌာန အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များ တာဝန်ထမ်းဆောင်နေချိန် လိုက်လံစုံစမ်းခြင်းများမရှိဟု ဒု-ဝန်ကြီးပြော

Loading...
_________________________________________________________

ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အင်းစိန် မဲဆန္ဒနယ်မှ ဦးမောင်မောင်ဦး က လွှတ်တော်ကိုယ်စားလှယ်များ တာဝန်ထမ်းဆောင်နေချိန်တွင် လိုက်လံစုံစမ်း၊ မေးမြန်းသတင်းရယူနေကြသော အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များကို မည်သည့် တာဝန်ရှိပုဂ္ဂိုလ် အဖွဲ့အစည်းများမှ တာဝန်ပေးထားခြင်း ရှိ/မရှိ သိလိုခြင်း မေးမြန်းခဲ့သည်။
အဆိုပါမေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေး ဒု-ဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၈)တွင် နိုင်ငံသူ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ တာဝန်များနှင့်စပ်လျဉ်း၍ ပုဒ်မ ၃၄၅ မှ ၃၉၀ အထိ ဖော်ပြထားရာ ပုဒ်မ ၃၅၄ တွင် နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့်ဥပဒေများနှင့် မဆန့်ကျင်လျှင် လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့်၊ လုပ်ပိုင်ခွင့်အခွင့်အရေးများရှိကြောင်း ဖော်ပြပါရှိပါကြောင်း၊ ထိုအခွင့်အရေးများကို ဆောင်ရွက်ရာတွင် လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ လုံခြုံမှုရှိရေးနှင့် လူမှုပတ်ဝန်းကျင်၏လုံခြုံမှုရှိရေးသည် အဓိကကျပြီး လုံခြုံမှုရှိမှသာလျှင် မိမိတို့ဆောင်ရွက်လိုသည့်ကိစ္စများကို အနှောင့်အယှက်ကင်းစွာဖြင့် ချောချောမွေ့မွေ့ဆောင်ရွက်နိုင်မည်ဖြစ် ပါကြောင်း။
သို့ဖြစ်ပါ၍ ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များ တာဝန်ထမ်းဆောင်နေချိန် ၎င်းတို့၏လှုပ်ရှားဆောင်ရွက်မှုများကို တိုးတိုးတိတ်တိတ်ဖြစ်စေ၊ ပေါ်ပေါ်တင်တင်ဖြစ်စေ နောက်မှလိုက်လံစုံစမ်း သတင်းမေးမြန်းရယူရန် တာဝန်ပေးထားခြင်း၊ ဆောင်ရွက်စေခြင်းများ မရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
Loading...