အမှန်တရားပဲလိုချင်တယ်ဆိုတဲ့ သေဆုံးသူ ရဲတပ်ကြပ်ညီညီထွေးရဲ့ ဇနီးသည်



_________________________________________________________

လမ်းဘေးအရက်ဝိုင်းကို သွားရောက်ထိမ်းသိမ်းပြီးအပြန် လှည့်ကင်းလှည့်နေတဲ့အချိန်မှာ စူပါကာစတန်ကားက နောက်က တိုက်လိုက်လို့ သေဆုံးခဲ့တဲ့ မြောက်ဥက္ကလာရဲစခန်းက ရဲတပ်ကြပ် ညီညီထွေးရဲ့အမှုကို အမှန်အတိုင်းဖြစ်စေချင်တယ်လို့ သေဆုံးသူ ရဲတပ်ကြပ်ညီညီထွေးရဲ့ဇနီးဖြစ်သူ မယဉ်နွယ်ဦးက ပြောလိုက်ပါတယ်။
ဖြစ်ပွားခဲ့ဖြစ်စဉ်က သာမန်သွေးရိုးသားရိုးမဟုတ်ဘဲ တမင်တကာရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင်ခဲ့တာဖြစ်လို့ ပုဒ်မတပ်အမှုဖွင့်ရာမှာ တရားမျှတမှုမရှိကြောင်း ဝေဖန်မှုတွေကြုံတွေ့နေရပြီး ပြစ်မှုကျူးလွန်တဲ့သူရဲ့ မိဘတွေက ငွေကြေးအင်အားနဲ့ လိုက်လံဖြေရှင်းနေတယ်လို့ မယဉ်နွယ်ဦးက ပြောပါတယ်။
"သူ့မိဘကိုယ်တိုင်က လာပြီးစည်းရုံးတယ်၊ အစ်မယောက်ျားနေရာမှာ သူ့တို့သားသမီးဆိုရင် ဘယ်လိုခံစားရမလဲ၊ အခုကိစ္စမတော်တဆမှ မဟုတ်တာ။ တန်ရာတန်ကြေးပေးမယ်ဆိုပြီး လာညှိတယ်။ အစ်မသိရသလောက်ငွေနဲ့လိုက်ရှင်းတယ်၊ အစ်မယောက်ျားမရှိတဲ့တော့တဲ့အတွက် ကမ္ဘာကြီးပြိုကျသွားသလိုပဲ၊ ဘာတစ်ခုမှ သူတို့ဆီက မလိုချင်ဘူး၊ အမှန်တရားအတိုင်းပဲ ဖြစ်စေချင်တယ်"လို့ ကွယ်လွန်သူ  ရဲတပ်ကြပ်ညီညီထွေးရဲ့ဇနီးဖြစ်သူ မယဉ်နွယ်ဦးက ပြောပါတယ်။
မြောက်ဥက္ကလာပမြို့နယ် သန္တာ (၆)လမ်းထိပ်မှာ ၀ိုင်းဖွဲ့အရက်သေစာသောက်စားနေပြီး ဆူညံနေလို့ ရပ်ကွက်ထဲမှာ နေထိုင်သူတစ်ဦးက ဖေဖော်ဝါရီ ၁၃ ရက် မနက် ၁ နာရီလောက်က ၁၉၉ ကို ဆက်သွယ်အကြောင်းကြားလို့ လှည့်ကင်းလမ်းကြောင်း (၂)မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေက သွားရောက်ထိန်းသိမ်းပြီး အခြားရပ်ကွက်ကို  လှည့်ကင်းထွက်တုန်းမှာ နောက်လိုက်ကပြီး ကားနဲ့ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။
ရဲတပ်ကြပ်ညီညီထွေးကို ကားနဲ့တိုက်ခံတဲ့ ကားပိုင်ရှင် ကိုဇော်သန့်က မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ် (၁၂) ရပ်ကွက်၊ အောင်ရွှေစင်လမ်းမှာနေထိုင်သူဖြစ်ပြီး ရဲတပ်ကြပ်ကို  ကားနဲ့ တိုက်ပြီးထွက်ပြေးသွားတဲ့ ယာဉ်မောင်းကို မြောက်ဥက္ကလာပမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၄(က)/၂၇၉/၂၀၂ဖြင့် အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
Source : 7DayDaily.Kumudra
Loading...