ဦးကိုနီကိုသတ်ဖို့ ကျပ်သိန်းတစ်ထောင်ပေး စေခိုင်းတဲ့ အောင်ဝင်းခိုင် နဲ့ပတ်သက်ခဲ့သလားဆိုတာကို ဦးအောင်စိုးပြောကြား

_________________________________________________________

ဒီချုပ်ဥပဒေအကြံပေး ရှေ့နေဦးကိုနီကို လေဆိပ်မှာ သေနတ်ပစ်ခတ်လုပ်ကြံဖို့ ငွေပေးစေခိုင်းခဲ့တဲ့ ဒုတိယဗိုလ်မှူးကြီး ဟောင်းတစ်ဦးကို သမ္မတရုံးက ထုတ်ပြန်ကြေညာခဲ့ပေမယ့် အဲဒီသတင်းထုတ်ပြန်ခဲ့မှုအပေါ် သေနတ်သမားဦးကြည်လင်းက လာရောက်ဆက်သွယ်တာကိုခံခဲ့ရတဲ့ ကိုအောင်စိုးက မသိရှိဘူးလို့ မဇ္ဇိမသတင်းဌာနကို ပြောခဲ့ပါတယ်။
“ဒုဗိုလ်မှူးကြီးဟောင်းဆိုတာလည်း ကျွန်တော့်ကို တစ်လုံးမှပြောမသွားပါဘူး။ သူပေးတဲ့ပိုက်ဆံလည်း ကျွန်တော် တစ်ပြားမှလည်းမယူပါဘူး။ ဒီကိစ္စကို လက်ခံမယ်လည်း ကျွန်တော် မပြောခဲ့ပါဘူး။ မသိခဲ့ပါဘူးခင်ဗျာ”လို့ ဦးအောင်စိုးက ပြောခဲ့ပါတယ်။
ဦးကိုနီကိုလုပ်ကြံဖို့ ငွေပေးစေခိုင်းခဲ့သူက အောင်ဝင်းခိုင်ဆိုသူဖြစ်ပြီး၊ သူကတပ်မတော်မှာ ဒုဗိုလ်မှူးကြီးအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ ဆန္ဒအလျောက်   နုတ်ထွက်ခဲ့သူဖြစ်ကာ အောင်ဝင်းခိုင်နဲ့ ဆက်စပ်သူတွေကို ဖမ်းဆီးရရှိဖို့ ဆောင်ရွက်သွားမှာဖြစ်ပြီး ပြည်သူတွေကို တင်ပြသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အောင်စိုးဆီကို သေနတ်သမားကြည်လင်းက လာရောက်ဆက်သွယ်ခဲ့ပေမယ့် ငြင်းဆိုခဲ့ကာ ကနဦးမှာ ပူးပေါင်းပါဝင်သူ အောင်ဝင်းဇော်ရဲ့ ဖော်ထုတ်ချက်အရ ငွေပေးစေခိုင်းသူမှာ သူ့ရဲ့ ညီဖြစ်သူ အောင်ဝင်းခိုင်ဖြစ်ပြီး လုပ်ကြံသတ်ဖြတ်မယ့်သူကို ရှာဖွေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“အဲ့လောက်ထိ ကျွန်တော် မတွေးတတ်ဘူးခင်ဗျ။ စစ်တဲ့ အခါမှာသူပြောချင်ရာသူပြောမှာပေါ့။ အဲ့ထဲမှာ မှားတာတွေမှန်တာတွေပါမှာပေါ့နော့။ အဲ့လိုပဲသုံးသပ်ပါတယ်”လို့ ဦးကိုနီကိုလုပ်ကြံသတ်ဖြတ်ဖို့ ကမ်းလှမ်းခံရဘူးတဲ့ ဦးအောင်စိုးက ပြောခဲ့ပါတယ်။
Source : Mizzima
Loading...