Breaking News


အမြန်လမ်းတွင် ယာဉ်မောင်းအိပ်ငိုက်သောကြောင့် Light Truck ယာဉ်တစ်စီး တိမ်းမှောက် လူ နှစ်ဦးဒဏ်ရာရ


Loading...



ဇန်နဝါရီလ ၁၃ရက်နေ့ နံနက် ၁၀နာရီ ၁၀မိနစ်အချိန်က တံတားဦးမြို့နယ် ရန်ကုန် မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၃၃၄/၂ နှင့်၃၃၄/၃ အကြား၌ နေပြည်တော်ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်း အောင်မြင့် မောင်းနှင်လာသော ယာဉ်အမှတ် 5K/4756 Light Truck အဖြူရောင် မော်တော်ယာဉ်မှာ ယာဉ်မောင်းသူ အိပ်ငိုက်သောကြောင့် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက် မြေသားလမ်းပေါ်တွင် တိမ်းမှောက်ခဲ့ကြောင်း စကားအင်း အမြန်လမ်းမကြီး ရဲစခန်း ထံကသိရသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါရှိသူ နှစ်ဦးမှာ ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး အမြန်လမ်းရဲတပ်ဖွဲ့ဝင်များက တပ်ဖွဲ့ပိုင်ယာဉ်ဖြင့် တံတားဦးမြို့နယ် ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် Light Truck ယာဉ်မှာ ဝဲယာရှေ့မီးကွဲ ရှေ့လေကာမှန်ကွဲ အမိုးပိန့်ချိုင့် ယာဘက်ရှေ့တံခါး ပိန့်ချိုင့် အမိုးကိုင်းကျိုးပဲ့ ကိုယ်ထည်ဝဲဘက်ပိန့်ချိုင့် ပျက်စီးမှုများဖြစ်ပွားခဲ့ပြီး တန်ဖိုးငွေကျပ် ဆယ်သိန်းခန့် ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
ယာဉ်တိမ်းမှောက်မှုသတင်းအရ စကားအင်းအမြန်လမ်းမကြီး ရဲစခန်းမှူး ရဲအုပ် သိန်းဗိုလ် ပါ တပ်ဖွဲ့ဝင် ၁၀ဦး မီးငတ်တပ်ဖွဲ့ အမြန်လမ်းမှ လက်ထောက်ဦးစီးမှူး ဟိန်းသက်ဆွေ ပါ လေးဦး အမြန်လမ်း အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့မှ ဦးသန်းစိုးဝင်း ပါ လေးဦး တို့က အခင်းဖြစ်နေရာသို့ သွားရောက်ကူညီ စစ်ဆေးပေးခဲ့ကြသည်။
ယာဉ်တိမ်းမှောက်မှုနှင့်ပတ်သက်ပြီး ယာဉ်မဆင်မခြင် ပေါ့လျော့စွာမောင်းနှင်သူ ယာဉ်မောင်း အောင်မြင့်အား စကားအင်းအမြန်လမ်း မကြီးရဲစခန်း ယာဉ် ပ ၂/ ၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈ အရအမှုဖွင့် အရေးယူထားကြောင်း သိရသည်။
Loading...