ပုဂံဘုရားဖူး ပြန်လာသည့် Hiace ယာဉ် တိမ်းမှောက်မီးလောင်၊ ၈ ဦးသေဆုံးမှု အပြည့်အစုံ



_________________________________________________________

ပုဂံဘုရားဖူး ပြန်လာသည့် Hiace ယာဉ် တိမ်းမှောက်မီးလောင်၊ ၈ ဦးသေဆုံး


ရန်ကုန်-မန္တလေး အမြန်လမ်း အမှတ် ၃ လမ်းဆုံအနီး မိုင်တိုင်အမှတ် ၄ နှင့်၂ ဖာလုံအနီး ပုဂံဘုရားဖူးပြီး ပြန်လာသည့် Hiace အမျိုးအစား အန်စာတုံးပုံ အိမ်စီးယာဉ်တစ်စင်း ယနေ့(ဇန်နဝါရီလ ၂၁ ရက်) နံနက် ၈ နာရီခွဲခန့် ကလမ်း ဘေးထိုးကျ တိမ်းမှောက် မီးလောင်ရာမှ ယာဉ်ပေါ်လိုက်ပါလာသူ ကိုးဦးအနက် ခရီးသည် ရှစ်ဦး မီးလောင် သေဆုံးခဲ့ကြောင်း ၁၁ မိုင် ဘောနီအမြန်လမ်း မီးသတ်စခန်းမှူး ဦးငြိမ်းချမ်းက ပြောကြားသည်။

"ယာဉ်က ရှေ့ဘီးပေါက်ရာကနေ လမ်းဘေးကာရံထားတဲ့ အလူမီနီယံတန်းတွေကို တိုက်မိပြီး ဆီတိုင်ကီပေါက်ကွဲပြီး မီးထလောင်တာပါ။ခရီးသည်အမျိုသားတစ်ဦးကတော့ သာမန်ပွန်းပဲ့ ဒဏ်ရာပဲရပေမဲ့ ကျန်တဲ့ အမျိုးသား အမျိုးသမီး ၈ ဦးကတော့ မီးလောင်သေဆုံးခဲ့ပါတယ် "ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါနေ့ နံနက် ၈ နာရီခွဲခန့်က နေပြည်တော်မှ ရန်ကုန်သို့ ယာဉ်မောင်း ဦးဝင်းထွန်းဆိုသူမောင်းနင် လာပြီး ပုဂံညောင်ဦးမှ ဘုရားဖူးပြန်လာသူ အမျိုးသမီး ခုနစ်ဦးနှင့် အမျိုးသား တစ်ဦး လိုက်ပါလာသည့် Hiace အမျိုးအစား အန်စာတုံးပုံ မော်တော်ယာဉ်သည် အမြန်လမ်း မိုင်တိုင် ၄ နှင့်၂ ဖာလုံအနီးသို့ အရောက် ရှေ့ဘီးပေါက်ကာ လမ်းဘေး အလူမီနီယံတန်းများကို တိုက်ကာ တိမ်းမှောက်ရာမှ ဆီတိုင်ကီ ပေါက်ကွဲကာ မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး မီးလောင်ရာ နေရာသို့ အမြန်လမ်း ရဲစခန်း တာဝန်ရှိသူများနှင့် ဘောနီ မီးသတ်စခန်း တာဝန်ရှိသူများမှ သွားရောက် ငြှိမ်းသတ်ခဲ့သည့်အတွက် နံနက် ၉ နာရီကျော်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး ပျက်ဆီး ဆုံးရှုံးမှုအနေဖြင့် ကျပ်သိန်း ၂၀၀ ကျော်ရှိကြောင်း အမြန်လမ်း ရဲတပ်ဖွဲမှူးရုံး(နေပြည်တော်)မှ ထုတ်ပြန်ချက်များတွင် ထည့်သွင်းဖော်ပြထားသည်။

“လက်တစ်လောမှာ သေဆုံးသူ အလောင်းပိုင်ရှင်တွေ မရောက်လာသေးတဲ့အတွက် အမည်နဲ့ အသက်တွေ စုံစမ်းလို့ မရသေးပါဘူး။ နောက်ပိုင်းမှာ ဆက်လက် ထုတ်ပြန်ပေးပါမယ်။ မီးလောင် သေဆုံးတဲ့ အလောင်းတွေကို လှည်းကူးဆေးရုံသို့ ပို့ဆောင်ပေးထားပါတယ်”ဟု အမြန်လမ်း ရဲတပ်ဖွဲ မှူးရုံး (နေပြည်တော်)မှ ရဲမှူးအဆင့်ရှိသူ တစ်ဦးက ပြောကြားသည်။
The voice