ဝတ်မှုန်ရွှေရည်၏တိုင်ကြားချက်အရ ဖမ်းဆီးထားသော မျိုးကိုကိုစန်းကို ပြန်လွှတ်


_________________________________________________________

အမှုမခိုင်လုံကြောင်း စီအိုင်ဒီ၏ ပြန်ကြားစာအရ ဆက်သွယ်ရေး ဥပေဒပုဒ်မ ၆၆ (ဃ) ဖြင့် ရန်ကင်းမြို့မ ရဲစခန်းတွင် ဖမ်းဆီးထားသော 2014 Miss International Queen Myanmar မျိုးကိုကိုစန်းကို ဇန်နဝါရီလ ၂၀ ရက် နံနက် ၇ နာရီက ပြန်လွှတ်ပေးခဲ့ကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

“Cele Cele Small Page အကောင့်က ၁၄ ခုလောက် ရှိတယ်၊ မျိုးကိုကိုစန်းရဲ့ လက်ကိုင်ဖုန်းကို Cyber Crime အဖွဲ့ စစ်ဆေးခဲ့အပြီးမှာ အမှုနဲ့ ဘာမှပတ်သက်မှု မရှိကြောင်း သိရလို့ ကျင့် ၁၆၉ အရ အပြီးအပိုင် ပြန်လွှတ်ပေးလိုက်တာပါ။ ဖမ်းဆီးစစ်ဆေးခံရသူမှာ နစ်နာမှုတော့ ရှိခဲ့တာပေါ့၊ အကောင့်ပိုင်ရှင်အစစ်ကို အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးသွားမယ်” ဟု စီအိုင်ဒီမှ ရဲအရာရှိတစ်ဦးက ပြောသည်။

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် ဖမ်းဆီးခံရသော မျိုးကိုကိုစန်းမှာ ရုပ်ရှင်သရုပ်ဆောင် ဝတ်မှုန်ရွှေရည်၏ Cele Cele Small Page အကောင့်ပိုင်ရှင်ကို ဖော်ထုတ်အရေးယူပေးပါရန် အမှုဖွင့် တိုင်ကြားချက်အရ ဇန်နဝါရီလ ၁၇ ရက်ညပိုင်းက ထိုင်းနိုင်ငံမှ ရန်ကုန်ပြန်လာစဉ် ရန်ကုန်လေဆိပ်တွင် အရပ်ဝတ်ရဲတပ်ဖွဲ့က ၎င်းကို ဖမ်းဆီးခဲ့သည်။

ရုပ်ရှင်သရုပ်ဆောင်များနှင့် ပတ်သက်၍ လူမှုကွန်ရက်ပေါ်တွင် ပုတ်ခတ်ရေးသားမှုများ ဖော်ပြနေသော Cele Cele Small Page အကောင့်ပိုင်ရှင်ကို ဖော်ထုတ်အရေးယူပေးရန် ဇန်နဝါရီလ ၁၅ ရက်နေ့က ရုပ်ရှင်သရုပ်ဆောင် ဝတ်မှုန်ရွှေရည်က တရားလိုပြု၍ ရန်ကင်းမြို့မ ရဲစခန်းတွင် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့် တိုင်ကြားထားသည်။

ဓာတ်ပုံ - Myo KoKo San (Facebook)
http://thevoicemyanmar.com/news/5486-csy