ရှစ်ဦးသေဆုံးသည့် အမြန်လမ်းယာဉ်မီးလောင်မှု စီအိုင်ဒီသို့ လွှဲပြောင်း


_________________________________________________________
ရှစ်ဦးသေဆုံးသည့် အမြန်လမ်းယာဉ်မီးလောင်မှု စီအိုင်ဒီသို့ လွှဲပြောင်း


ရန်ကုန်၊ ဇန်န၀ါရီ ၂၅

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၄ အနီး ယာဉ်မီးလောင်ရာမှ ရှစ်ဦး သေဆုံးမှုကို အမှုမှန် ဖော်ထုတ်ရန် စီအိုင်ဒီထံ အမှုလွှဲမည်ဖြစ်ကြောင်း နေပြည်တော် အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး ရန်နောင်ဝင်းက ပြောကြားသည်။

ယာဉ်မီးလောင်ရာမှ လူရှစ်ဦး သေဆုံးခဲ့သည့် Hiace ယာဉ်မှာ ပုဂံဘုရားဖူးမှ ရန်ကုန်သို့ပြန်လာစဉ် ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက်က အမြန်လမ်း မိုင်တိုင် ၄ /၂ အနီးတွင် ရှေ့ဘီးပေါက်ကာ လမ်းလယ် အလူမီနီယံတန်းကို ဝင်တိုက်ရာမှ ဓာတ်ဆီတိုင်ကီကွဲပြီး ယာဉ်မီးလောင်ခဲ့ကြောင်း အမှတ် (၃) အမြန်လမ်း ရဲစခန်းထံမှ သိရသည်။

မီးလောင်ခဲ့သည့် ယာဉ်ပေါ်မှ ဆဋ္ဌဂံ ဆောက်လုပ်ရေး ကုမ္ပဏီ CEO ဦးဝင်းထွန်းနှင့် ဝန်ထမ်း အမျိုးသမီး ခုနစ်ဦး မီးလောင် သေဆုံးခဲ့ပြီး အသက်ရှင် လွတ်မြောက်ခဲ့သော ယာဉ်မောင်း ကိုအောင်ခန့်ကို အမှတ် (၃)လမ်းဆုံ အမြန်လမ်း ရဲစခန်းက ယာဉ် (ပ) ၄/၂၀၁၇ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/ ၃၃၇/ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားသည်။
http://thevoicemyanmar.com/latest-news/5615-acc