Breaking News


ဇနီးနှင့်သမီးဖြစ်သူအား ဓါးဖြင့်ခုတ်သတ်ကာ မိမိကိုယ်ကို သတ်သေရန် ကြိုးစားခဲ့မှု


Loading...

ကရင်ပြည်နယ်၊ဘားအံမြို့နယ်၊ ဘင်ဂျီကျေးရွာအုပ်စု၊ ဘင်ဂျီရွာကြီးကျေးရွာတွင် ဒီဇင်ဘာလ (၃၁) ရက်နေ့ နံနက် (၅)နာရီအချိန်ခန့်တွင် အရက်ကြောင်ကြောင်နေသည့် ဦးကေ့ကေ့၊ ၄၂နှစ်၊(ဘ)ဦးပီစန်းမှ ဇနီးဖြစ်သူ ဒေါ်ချယ်ရီ၊ ၄၈နှစ်၊ (ဘ)ဦးဖားနောက်ကျ၊ ဘင်ဂျီရွာကြီး၊ ဘားအံမြို့နယ် နေသူနှင့် သမီးဖြစ်သူနော်ဖြူဖြူဖွေး၊ ၁၂နှစ်(အတူနေသူ)တို့(၂)ဦးအား ဓါးဖြင့်ခုတ်သတ်ကာ မိမိကိုယ်ကို ဓါးဖြင့်လည်ပင်းလှီး သတ်သေရန် ကြိုးစားခဲ့သည့် ဖြစ်စဉ်ဖြစ်ပွား ခဲ့ကြောင်း သိရသည်။


အခင်းဖြစ်နေရာသို့ ဘားအံမြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးကြာညို။ ဘားအံမြို့မစခန်းမှူး ဒုရဲမှူးတင်မောင်ဦး၊ မြိုင်ကလေးရဲကင်းစခန်းမှူး ရဲအုပ် ၀င်းနိုင်နှင့်နယ်ထိန်းတပ်ဖွဲ့ဝင်များမှ သက်သေများနှင့် အတူသွားရောက်စစ်ဆေးခဲ့ရာ ဒေါ်ချယ်ရီနှင့်သမီးဖြစ်သူနော်ဖြူဖြူဖွေး တို့မှာ နေအိမ်အိပ်ခန်းအတွင်း၌ လည်ပင်း ပြတ်ရှဒဏ်ရာ၊ လည်ဂုတ်ပြတ်ရှဒဏ်ရာ၊ နဖူးထိပ်ပြတ်ရှဒဏ်ရာများဖြင့် အခင်းဖြစ် နေရာတွင် သေဆုံးနေပြီး ဦးကေ့ကေ့ မှာ လည်ပင်းပြတ်ရှဒဏ်ရာများဖြင့် လဲကျနေသည်ကို တွေ့ရှိရပြီး ၄င်းဘေးတွင် သွေးစွန်းနေသည့် ၀ါးရိုးတပ် အရိုးအသွား(၁)ပေ၊(၁၀)လက်မခန့် အိမ်သုံးဓါးမ(၁)ချောင်းတို့အား စစ်ဆေးတွေ့ရှိရသဖြင့် အခင်းဖြစ်မှတ်တမ်းဓါတ်ပုံရိုက်ခြင်း၊ မြေပုံကြမ်းရေးဆွဲခြင်း၊သက်သေခံပစ္စည်းသိမ်းဆည်းခြင်း၊ဒဏ်ရာရရှိသူနှင့် သေဆုံးသူတို့ အလောင်းအား ဘားအံဆေးရုံကြီးသို့ရဲဆေးစာဖြင့်ပို့ဆောင်ခြင်း၊သက်သေများ စစ်ဆေးခြင်းတို့ ဆက်လက်ဆောင်ရွက်ခဲ့သည်။


ထို့နောက် သေဆုံးသူ ဒေါ်ချယ်ရီ၏ အမဖြစ်သူ ဒေါ်နန်းကြည်ထွေးရင်၊၅၅နှစ်၊ (ဘ)ဦးဖားနောက်ကျ၊ ဘင်ဂျီရွာကြီး၊ဘင်ဂျီကျေးရွာအုပ်စု၊ ဘားအံမြို့နယ်နေသူ၏ပြောပြချက်အရ ယင်းနေ့ နံနက်(၅)နာရီ အချိန်ခန့်က၎င်းမှာ အိမ်ယာမှနိုးစဉ် ခြေရင်းဘက်ရှိ ညီမဖြစ်သူနေအိမ်ဘက်မှ အသံမကြားရသဖြင့်သွားရောက်ကြည့်ရှု့ခဲ့ရာ ညီမဖြစ်သူ ဒေါ်ချယ်ရီနှင့်တူမဖြစ်သူ နော်ဖြူဖြူဖွေးတို့မှာဒဏ်ရာများနှင့် လဲကျသေဆုံးနေပြီး မတ်ဖြစ်သူ ဦးကေ့ကေ့မှာ ဒဏ်ရာများဖြင့် လဲကျနေသည်ကို တွေ့ရှိခဲ့ရသဖြင့် မေးမြန်းခဲ့ရာ ဇနီးနှင့်သမီးဖြစ်သူအား ဓါးဖြင့်ခုတ်လိုက်မိကြောင်း မိမိကိုယ်တိုင်လည်း လည်ပင်းအား လှီးခဲ့ကြောင်း ပြောပြသိရှိခဲ့သဖြင့် သက်ဆိုင်ရာသို့ အချိန်မီအကြောင်းကြားခဲ့ခြင်းဖြစ်ပြီး ၎င်း၏မတ်ဖြစ်သူ ဦးကေ့ကေ့မှလည်း အရက်ကြောင်ကြောင်နေသူတစ်ဦးဖြစ်ကြောင်း မေးမြန်း သိရှိခဲ့ရသည်။


ဖြစ်စဉ်နှင့်ပတ်သတ်ပြီး ဒေါ်နန်းကြည်ထွေးရင်မှညီမဖြစ်သူဒေါ်ချယ်ရီနှင့်တူမဖြစ်သူ နော်ဖြူဖြူဖွေးတို့အား ဓါးဖြင့်ခုတ်သတ်ခဲ့သူ ဦးကေ့ကေ့အား အရေးယူပေးရန်ဘားအံမြို့မရဲစခန်းတွင် ဒီဇင်ဘာလ(၃၁)ရက်နေ့ နံနက် (၁၁)နာရီအချိန် တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ ဘားအံမြို့မရဲစခန်းမှ အမှုကြီးအမှတ်စဉ် (၁၃/၂၀၁၆)၊ ပထမသတင်းပေးတိုင်ချက်အမှတ် ၇၉၄/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ- ၃၀၂ ဖြင့် အမှုရေးဖွင့်ဆောင်ရွက်ခဲ့ပြီး ဘားအံမြို့မရဲစခန်းမှူး ဒုရဲမှူး တင်မောင်ဦးမှ အမှုအားဆက်လက်စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း ဘားအံမြို့မရဲစခန်းမှ သိရသည်။

မင်းသူ/ထွန်းထွန်းထွေး(ဘားအံ)
https://www.facebook.com/Hpaannews.kayin
Loading...