Breaking News

ချင်းတွင်းမြစ်အတွင်း ကုန်တင်မော်တော်ရေယာဉ် နှစ်စင်း တိုက်


Loading...

စစ်ကိုင်း တိုင်းဒေသကြီး၊ ကလေးဝမြို့ အထက် ညောင်ပင်သာ ကျေးရွာအနီး ချင်းတွင်းမြစ်အတွင်း ယနေ့ (ဇန်န၀ါရီလ ၃၁ ရက်) ညနေ ၃ နာရီခွဲက ကုန်တင်မော်တော် ရေယာဉ် နှစ်စီး တိုက်မိခဲ့ရာ တစ်စီးမှာ နစ်မြုပ်ခဲ့ကြောင်း ကလေးဝမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။

ဆီပေပါနှင့် စားသောက်ကုန်များ တင်လာသော “ဟိန်းမင်း” သံခွံ မော်တော်ရေယာဉ်နှင့် စားစရာများ တင်ဆောင်လာသည့် “ပြည်တော်အေး” အစုန် သစ်သားခွံ အမြန်ရေယာဉ်တို့ တိုက်မိရာမှ “ပြည်တော်အေး” ရေယာဉ် နစ်မြုပ်ခဲ့ကြောင်း၊ ရေယာဉ်တိုက်မှု ဖြစ်သောနေရာမှာ ရေကြောင်း ကျပ်သောနေရာဖြစ်ပြီး မြစ်ရေ နည်းနေသဖြင့် နစ်မြုပ်နေသော ရေယာဉ်အမိုးကို မြင်တွေ့ရကြောင်း၊ နစ်မြုပ်ခဲ့သော ရေယာဉ်ပေါ်တွင် လူ ၉ ဦးပါသော်လည်း ထိခိုက်ဒဏ်ရာ မရရှိခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ ညောင်ပင်သာကျေးရွာတွင် နေထိုင်သူ ဦးကျော်မြင့်က ပြောကြားသည်။

ရေယာဉ်နစ်မြုပ်မှုမှာ မှန်ကန်ကြောင်း အသေးစိတ် သိရှိနိုင်ရန် နစ်မြုပ်သို့ နေရာသို့ သွားရောက် စစ်ဆေးနေကြောင်း ကလေးဝမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယမြို့နယ် ဦးစီးမှူး ဦးသန်းထွန်းအောင်က ပြောကြားသည်။
Loading...