ခေါင်းကို မှိန်းဖြင့် ထုတ်ချင်းပေါက်ထိုးခံရပေမယ့် အသက်ရှင်ခဲ့သည့် ငါးဖမ်းသမား



_________________________________________________________


မှိန်းနဲ့ထိုးပြီး ငါးဖမ်းဖို့ မြောက်အမေရိကကို ခရီးထွက်လာတဲ့ အမျိုးသားဟာ ထိတ်လန့်ဖွယ်ရာ မတော်တဆမှုဖြစ်ခဲ့ပြီး သူ့ရဲ့ခေါင်းကို သံမှိန်းကြီးနဲ့ ထုတ်ချင်းပေါက်ထိုးမိခဲ့ပါတယ်။
ဘဟားမကမ်းခြေ တစ်နေရာမှာ ဒိုက်ဗင်ထိုးရင်း ဒီလိုဖြစ်ခဲ့တာလို့ ယူဆရကြောင်း ဒေးလီးမေးလ်ရဲ့ ဇန်နဝါရီလ ၅ ရက်နေ့ သတင်းမှာ ဖော်ပြထားပါတယ်။

သံမှိန်းအရှည်ကြီးက သူ့ရဲ့ နားရွက်နားကနေ ဦးခေါင်းကို ဟိုဘက်ဒီဘက် ထုတ်ချင်းပေါက်သွားပြီး ဆေးရုံမှာ ထိုင်နေတဲ့ပုံကို ဇန်နဝါရီလ ၄ ရက်နေ့မှာ လူမှုကွန်ရက် စာမျက်နှာပေါ်တင်ခဲ့လို့ ဒီအမျိုးသားရဲ့ပုံက ပျံ့နှံ့သွားခဲ့တာပါ။
သံမှိန်းထိုးခံရတဲ့ အမျိုးသားက ပါးနဲ့ မေးစေ့တွေပေါ်မှာ သွေးတွေနဲ့ ခွဲစိတ်ကုသမှု လုပ်ခံရဖို့ စောင့်နေတာကြောင့် ဒီအမျိုးသားဟာ ထူးဆန်းတဲ့ မတော်တဆဖြစ်ရပ်ကနေ ကံကောင်းထောက်မစွာ အသက်မသေခဲ့ပုံရပါတယ်။
အကယ်၍ သံမှိန်းကြီးက အထက်ကို မီလီမီတာ အနည်းငယ်မြင့်ပြီး ထိုးမိရင် ဒီဒဏ်ရာကြောင့် သေသွားနိုင်တယ်လို့လည်း သိရပါတယ်။
ဒီလူက ရယ်ပြုံးရင်း ငြိမ်းငြိမ်းချမ်းချမ်း လက္ခဏာနဲ့ ခွဲစိတ်ကုသမှုခံယူတဲ့ ပုံတွေကို သူငယ်ချင်းတွေက လူမှုကွန်ရက်တွေမှာ ဖြန့်ဝေထားတာကိုလည်း တွေ့ရပါတယ်။ ဒီဖြန့်ဝေထားတဲ့ပုံကို ဝေငှတာနဲ့ ကြိုက်နှစ်သက်မှုတွေ ထောင်ချီ ရရှိပြီး လူသိများနေတာပါ။
မှတ်ချက်ရေးသူ ရာပေါင်းများစွာကလည်း ဆိုရှယ်မီဒီယာမှာ တင်ထားတဲ့ ဒီလူရဲ့ပုံမှာ မှတ်ချက်တွေ ရေးထားကြပြီး အသက်မသေတာကိုလည်း အံ့သြနေကြပါတယ်။
“ဒါကြောင့် ကျမ မှိန်းနဲ့ငါးဖမ်းတာကို သိပ်လန့်တာ” လို့ အမျိုးသမီးတစ်ဦးက ရေးခဲ့ပြီး နောက်တစ်ဦးကတော့ ကွဲပြားတဲ့ မှတ်ချက်တစ်ခုအနေနဲ့ “အနည်းဆုံး ငါးတွေ ဘယ်လို ခံစားရတယ်ဆိုတာကို ဒီလူ သိသွားပြီ” လို့ အမျိုးသမီး တစ်ဦးကလည်း ရေးထားပါတယ်။
Loading...