Breaking News

တာမွေမြို့နယ်ရှိ မယ်တော်ဘုရားကျောင်းတွင် အမျိုးသား တစ်ဦး လှံဖြင့် ထိုးခံရ


Loading...

တာမွေမြို့နယ်၊ ဘိုးလိန်းအောင်မင်္ဂလာရပ်ကွက်၊ အောင်မင်္ဂလာလမ်းရှိ ကာလီမယ်တော် ဘုရားကျောင်းတွင် ဇန်နဝါရီလ ၈ ရက် ည ၈ နာရီခန့်က အသက် ၂၀ ဝန်းကျင်ရှိ အမည်မသိ အမျိုးသားက ဘုရားလူကြီးကို လှံဖြင့် ထိုးသတ်ရန် ကြံစည်နေစဉ် ဝင်ဆွဲသည့် အမျိုးသား တစ်ဦး လှံဖြင့် ထိုးခံရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ဦးခေါင်းကို လှံဖြင့် ထိုးခံရသူမှာ မင်္ဂလာဒုံမြို့နယ်၊ ကြံခင်းစုရပ်ကွက်တွင် နေထိုင်သော အသက် ၄၀ အရွယ် ဦးကြည်စိုးနိုင်ဖြစ်ပြီး ယင်းနေ့က နွားနို့ပို့ရန် ဘုရားကျောင်းသို့ လာရောက်စဉ် အမည်မသိ လူငယ်တစ်ဦးက မယ်တော်ဓာတ်ခန်းထဲ အတင်း ဝင်ရောက်နေသောကြောင့် ဘုရားလူကြီး ဦးသန်းထွန်းက မဝင်ရန် ဟန့်တားနေသည်ကို မြင်တွေ့ခဲ့ကြောင်း အမှုဖွင့် တိုင်ကြားချက်များအရ တာမွေမြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောသည်။

“မယ်တော်ဓာတ်ခန်းထဲ မဝင်ရလို့ လူငယ်က ဘုရားလူကြီးကို သတ်ပစ်မယ် ခြိမ်းခြောက်တယ်၊ ပြီးတော့ မယ်တော်ရုပ်တု လက်ထဲက တစ်ပေခွဲ အရှည်ရှိတဲ့ လှံကို ဆွဲယူပြီး ဘုရားလူကြီးကို ထိုးမလို့ လုပ်နေချိန် နွားနို့လာပို့သူက ဝင်ဆွဲရာက သူ့ဦးခေါင်း နောက်စေ့ကို လှံနဲ့ထိုးခံရတာပါ၊ ပြစ်မှု ကျူးလွန်သူကို မမိသေးဘူး”ဟု ၎င်းက ဆက်လက် ပြောကြားသည်။

မယ်တော်ဘုရား ကျောင်းထဲဝင်ရောက်ပြီး နာကျင်ဒဏ်ရာများ ရအောင် ပြုလုပ်ခဲ့သည့် အမည်မသိ အသက် ၂၀ ဝန်းကျင် အမျိုးသားကို ဇန်နဝါရီလ ၉ ရက်နေ့က တာမွေမြို့မ ရဲစခန်းမှ (ပ) ၂၃/ ၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၂၄/ ၅၀၆ ဖြင့် အမှုဖွင့်ပြီး ဖမ်းဆီး အရေးယူနိုင်ရန် စုံစမ်း ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
http://thevoicemyanmar.com/news/5228-crime
Loading...