Breaking News

ရဲတပ်ဖွဲ့က ဘင်္ဂါလီများကို ရိုက်နှက်နေမှု စစ်ဆေးမည်၊ မှန်ကန်ပါက တာဝန်ရှိသူများကို အရေးယူမည်ဟု သမ္မတရုံးဆို



Loading...
----------------------------


လူမှုကွန်ရက် စာမျက်နှာတွင် ပြန့်နှံ့နေသည့် ရခိုင်ပြည်နယ် မောင်တောတွင် ရဲတပ်ဖွဲ့ဝင်များက ဘင်္ဂါလီများကို နှိပ်စက်နေမှု ရုပ်သံကို ပြန်လည်စိစစ်သွားရန် ရှိပြီး မှန်ကန်ပါက တာဝန်ရှိသူများကို အရေးယူသွားမည် ဖြစ်ကြောင်း သမ္မတရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက The Voice သို့ ပြန်လည်ဖြေကြားသည်။

“ဒီကိစ္စကို စိစစ်မယ်၊ ဘယ်မှာဘယ်တုန်းက ဖြစ်သလဲ ဆိုတာကို ပြန်စစ်ဆေးမယ်။ ဒါမျိုးကို ရဲတပ်ဖွဲ့ အနေနဲ့ လက်မခံဘူးလို့ ကြိုပြောထားပြီး ဖြစ်ပါတယ်။ ဒီကိစ္စမှန်ရင် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စစ်မယ်။ တာဝန်ရှိသူတွေ အရေးယူမယ်။ ဖြစ်စဉ်နဲ့ ပတ်သက်လို့၊ အရေးယူမှုနဲ့ ပတ်သက်လို့ သတင်းအပြည့်အစုံ တောင်းထားပါတယ်။ အမြန်ဆုံး သတင်းထုတ်ပြန်ပေးပါမယ်” ဟု ၎င်းက ပြောဆိုသည်။

ရခိုင်ပြည်နယ် မောင်တောရှိ ဘင်္ဂါလီကျေးရွာ တစ်ခုတွင်ဟု ယူဆရသည့် ရွာတစ်ခုတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက ဘင်္ဂါလီများကို ခြေဖြင့် ကန်ကြောက်ခြင်း၊ တန်းစီထိုင်ခိုင်းပြီး ရိုက်နှက်ခြင်းတို့ ပြုလုပ်နေသည့် ဗီဒီယိုဖိုင်မှာ ဇန်နဝါရီ ၁ ရက် နံနက်ပိုင်းတွင် လူမှုကွန်ရက် စာမျက်နှာ၌ ပြန့်နှံ့ခဲ့သည်။ ယင်းနှင့်ပတ်သက်၍ မည်သို့ လုပ်ဆောင်ရန် ရှိကြောင်း The Voice က နိုင်ငံတော်သမ္မတရုံးထံ ဆက်သွယ်မေးမြန်းရာတွင် ဦးဇော်ဌေးက ယင်းသို့ ပြန်လည်ပြောကြားခြင်း ဖြစ်သည်။
ဓာတ်ပုံ - Ro Nay San Lwin

(လူမှုကွန်ရက်တွင် ပျံ့နှံ့လာသည့် ဗွီဒီယိုဖိုင်မှ Screen Shot ရယူဖော်ပြခြင်း ဖြစ်သည်။)
Loading...