Breaking News

ခိုးရာလိုက်ပြေးတဲ့သမီးကို အရှင်လတ်လတ် မီးရှို့သတ်တဲ့မိခင် သေဒဏ်ချမှတ်ခံရ


Loading...

ပါကစ္စတန်နိုင်ငံမှာ မိသားစုက သဘောမတူသူနဲ့ လက်ထပ်ခဲ့တဲ့ သမီးဖြစ်သူကို အပြစ်ပေးတဲ့အနေဖြင့် အရှင်လတ်လတ် မီးရှို့ခဲ့တဲ့ မိခင်အား သေဒဏ်ချမှတ်လိုက်ကြောင်း သိရပါတယ်။ ပါဗင်းဘီဘီအမည်ရှိ အမျိုးသမီးက သမီးဖြစ်သူရဲ့လုပ်ရပ်ဟာ မိသားစုကို အရှက်စေခဲ့တာကြောင့် မီးရှို့အပြစ်ပေးခဲ့ကြောင်း လာဟိုးမြို့ရှိ အထူးတရားရုံးမှာ ဝန်ခံထွက်ဆိုခဲ့ပါတယ်။ အဆိုပါ အမျိုးသမီးကို တရားရုံးက တနင်္လာနေ့ (ဇန်နဝါရီ ၁၆ ရက်) မှာ သေဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ရဲ့အဆိုအရ တရားခံရဲ့သမီးဖြစ်သူ အသက် ၁၈ နှစ်အရွယ် ဇီးနတ်ရာဖစ်ဟာ ဟတ်ဆန်ခန်းအမည်ရှိ သူမရဲချစ်သူနဲ့ ခိုးရာလိုက်ပြေးခဲ့ပြီး ဟတ်ဆန်ခန်းမိသားစုနဲ့အတူ တစ်ပတ်ကြာနေထိုင်ခဲ့ကြောင်း သိရပါတယ်။ တရားရုံးက မီးရှို့ခံရတဲ့ ရာဖစ်ရဲ့အကိုဖြစ်သူ အန်နီးစ်ကိုလည်း ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့ပါတယ်။ မိခင်ဖြစ်သူ ပါဗင်းဘီဘီနဲ့ သားဖြစ်သူ အန်နီးစ်တို့က ရာဖစ်ကို မီးမရှို့မီ ရိုက်နှက်ခဲ့သေးကြောင်း အထောက်အထားများ တွေ့ရှိခဲ့ရတယ်လို့ တရားရုံးက ပြောပါတယ်။



လာဟိုးမြို့ရဲ့ ဆင်းရဲသားများ နေထိုင်ရာ ဒေသမှာ အဆိုပါဖြစ်ရပ် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ မီးရှို့အသတ်ခံရတဲ့ ရာဖစ်ရဲ့အလောင်းကိုလည်း သူမရဲ့ဆွေးမျိုးတွေက ယူဆောင်သွားခဲ့ခြင်း မရှိဘဲ ရာဖစ်ရဲ့ခင်ပွန်းမိသားစုထံက မြှုပ်နှံသင်္ဂြိုဟ်ခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ပါကစ္စတန်မှာ အမျိုးသမီးများကို အကြမ်းဖက်မှုတွေ မြင့်တက်ဖြစ်ပွားနေကြောင်း ပါကစ္စတန်နိုင်ငံ လွတ်လပ်တဲ့ လူ့အခွင့်အရေးကော်မရှင်က အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။

၂၀၁၅ ခုနှစ်အတွင်း မိသားစုကိုအရှက်ရစေတဲ့ စွပ်စွဲချက်ဖြင့် ဂုဏ်သိက္ခာအတွက် သတ်ဖြတ်ခြင်းအမှုပေါင်း ၁,၁၀၀ ကျော် ဖြစ်ပွားခဲ့ကြောင်း သတင်းမီဒီယာများက ဖော်ပြပါတယ်။ ထိုသို့သတ်ဖြတ်မှုတွေကို ဥပပြဌာန်း အရေးယူမယ့် အစီအစဉ်ကို ယမန်နှစ် အောက်တိုဘာလအတွင်း ပါကစ္စတန်လွှတ်တော်က အတည်ပြုခဲ့ပါတယ်။




မိသားစုကို အရှက်ရစေမှုဖြင့် အကိုဖြစ်သူက ညီမကိုသတ်ဖြတ်ခဲ့မှုတစ်ခုလည်း ယမန်နှစ် ဇူလိုင်လအတွင်းက ဖြစ်ပွားခဲ့ပြီးနောက် ၃ လအကြာမှာ ပါကစ္စတန်လွှတ်တော်က ထိုသို့သတ်ဖြတ်မှုတွေကို အရေးယူမယ့် ဥပဒေပြဌာန်းခဲ့တာ ဖြစ်ပါတယ်။ ပါကစ္စတန်မှာ အမျိုးသမီးများ ခိုးရာလိုက်ပြေးမှု၊ အမျိုးသားများနဲ့ အရောတဝင် ဆက်ဆံမှုနဲ့ အခြား ရှေးရိုးစွဲ အယူအဆတွေကို ချိုးဖောက်မှုတို့အား မိသားစုကို အရှက်ရစေပြီး ဂုဏ်သိက္ခာကျဆင်းစေမှုအဖြစ် သတ်မှတ်လေ့ရှိပါတယ်။
ဖြစ်ရပ်အများစုမှာ ထိုသို့ အသတ်ခံရသူမှာ အမျိုးသမီးဖြစ်ပြီး သတ်တဲ့သူဟာ သူမရဲ့ဆွေမျိုးသားချင်း ဖြစ်ပါတယ်။ သတ်ဖြတ်သူကို ရာဇဝတ်မှုဖြင့် အရေးယူရန် ဆောင်ရွက်ရာမှာ မိသားစုဝင်တွေက ပြစ်မှုမှလွတ်မြောက်အောင် ကူညီဆောင်ရွက်ပေးခြင်းဖြင့် ပြစ်ဒဏ်ခံရခြင်း မရှိဘူးလို့ ဆိုပါတယ်။
ပါကစ္စတန်လွှတ်တော်က အသစ်ပြဌာန်းလိုက်တဲ့ ဥပဒေအရ ထိုကဲ့သို့ သတ်ဖြတ်မှု ကျူးလွန်းသူကို သေဒဏ်မှ လွတ်မြောက်ခွင့်ရရန် မိသားစုဝင်တွေက ဆောင်ရွက်နိုင်ပေမဲ့ ထောင်ဒဏ်တစ်သက် ကျခံရမှာဖြစ်ကြောင်း သိရပါတယ်။
Source & Photo: Reuters, NY Daily
http://www.duwun.com.mm/news/international/-id6066179.html
Loading...