ကမ္ဘာပျက်မည့်နေ့ညွှန်ပြသည့် နာရီလက်တံကို သန်းခေါင်အချိန်နှင့် စက္ကန့် ၃၀ ပိုနီးအောင် ရွှေ့


_________________________________________________________

နျူကလီးယားလက်နက်တွေ၊ ရာသီဥတု ပြောင်းလဲမှုနဲ့ ဆိုင်ဘာနည်းပညာတွေရဲ့ ခြိမ်းခြောက်မှုတွေ တိုးလာလို့ ကမ္ဘာပျက်ဘေး အညွှန်းဒိုင်ခွက်ကို သန်းခေါင်အချိန်နဲ့ စက္ကန့် ၃၀ ပိုနီးအောင် ဇန်နဝါရီ ၂၆ ရက်က ရွှေ့လိုက်တယ်လို့ အနုမြူသိပ္ပံပညာရှင်တွေက သူတို့ထုတ်ပြန်တဲ့ သတင်းလွှာထဲမှာ ပြောပါတယ်။

၆၄ နှစ်အတွင်း သန်းခေါင်နဲ့ အနီးဆုံးအချိန် ဖြစ်လာတာပါ။

ချီကာဂိုအခြေစိုက် အနုမြူသိပ္ပံပညာရှင်တွေ တီထွင်ဖန်တီးထားတဲ့ ကမ္ဘာပျက်မယ့်နေ့ကို ညွှန်ပြတဲ့ နာရီရဲ့ လက်တံတွေကို သန်းခေါင်မရောက်ခင် ၃ မိနစ်ကနေ ၂ မိနစ်ခွဲဆီ ရွှေ့ခဲ့ပါတယ်။

ဒီနာရီဟာ လူသားတွေ ပျက်သုဉ်းပျောက်ကွယ်ဖို့ နီးကပ်လာမှုအတွက် ကမ္ဘာ့ဒိုင်ခွက်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြု ခံထားရပါတယ်။

မြောက်ကိုရီးယားက နျူကလီးယားလက်နက် စမ်းသပ်မှုတွေ ဆက်လုပ်နေလို့ သူ့ကိုယှဉ်ပြိုင်ဖို့ ဂျပန်နဲ့ တောင်ကိုရီးယားတို့မှာ နျူကလီးယားလက်နက်တွေ လိုအပ်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အဆိုပြုခဲ့ပါတယ်။

ဒါ့အပြင် အီရန်ရဲ့ နျူကလီးယား သဘောတူညီချက် အနာဂတ်ကို သံသယဖြစ်တယ်လို့လည်း သူကဆိုပါတယ်။

အိန္ဒိယနဲ့ ပါကစ္စတန်တို့ကလည်း လက်နက်တိုက်တွေကို အပြိုင်တိုးချဲ့နေသလို ပါကစ္စတန်ရဲ့ ရေငုပ်သင်္ဘောတည်ဆောက်ရေး လုပ်ငန်းစဉ်မှာ တရုတ်က ကူညီထောက်ပံ့နေတာတွေကလည်း စိုးရိမ်စရာပဲလို့ သတင်းလွှာရဲ့ ကြေညာချက်ထဲမှာ ဆိုပါတယ်။

ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ပါရီ သဘောတူညီချက်ဟာ မနှစ်ကစပြီး သက်ရောက်ခဲ့တာပါ။ ကမ္ဘာလုံးဆိုင်ရာ နှစ်စဉ် ထုတ်လွှတ်မှုက လျော့ကျသွားခဲ့ပါတယ်။
ဒါပေမယ့် ကာဗွန်ထုတ်လွှတ်မှု သုညဖြစ်အောင် လျှော့ချမယ့် ခြေလှမ်းတွေကို လှမ်းဖို့ နိုင်ငံတကာ လူ့အဖွဲ့အစည်းက ပျက်ကွက်ခဲ့ပါတယ်။

ဒီအချက်တွေကို အခြေခံပြီး နိုဘယ်ငြိမ်းချမ်းရေးဆုရှင်တွေ အပါအဝင် ဘုတ်အဖွဲ့နဲ့ ညှိနှိုင်း အကြံယူအပြီးမှာ ကမ္ဘာပျက်ကပ်ဘေး နာရီရဲ့ လက်တံကို ရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
Credit: dvb burmese