Breaking News

ပခုက္ကူမြို့နယ်တွင် လွန်ခဲ့သည့် ၁၆ နှစ်ကျော်က အစ်မဖြစ်သူ သေဆုံးမှုမှာ မတော်တဆမှုကြောင့် မဟုတ်ဘဲ ရိုက်နှက်မှုကြောင့် သေဆုံးခဲ့သည်ဟုဆိုကာ သေဆုံးသူ၏ ညီမက ပခုက္ကူရဲစခန်း၌ လူသတ်မှုဖြင့် အမှုဖွင့်


Loading...

ပခုက္ကူမြို့နယ် ရွှေပေးကျေးရွာတွင် လွန်ခဲ့သည့် ၁၆ နှစ်ကျော်က အစ်မဖြစ်သူ သေဆုံးမှုမှာ မတော်တဆမှုကြောင့် မဟုတ်ဘဲ ရိုက်နှက်မှုကြောင့် သေဆုံးခဲ့သည်ဟုဆိုကာ သေဆုံးသူ၏ ညီမဖြစ်သူက ယခုလ ၇ ရက်တွင် ပခုက္ကူရဲစခန်း၌ လူသတ်မှုဖြင့် အမှုဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
တရားလို မစိုးမိုးခိုင်က အစ်မဖြစ်သူ မအေးဆွေ သေဆုံးရခြင်းမှာ ၎င်း၏ညီမ၀မ်းကွဲ တော်စပ်သူ မမြင့်မြင့်ခိုင်၏ ခင်ပွန်း ကိုဖိုးပေါက် (ခ) ၀င်းသန်း (၄၅ နှစ်) က ထွန်ခြစ်ဖြင့် ရိုက်နှက်မှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟုဆိုကာ ပခုက္ကူမြို့မ ရဲစခန်းတွင် အမှုဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။
တရားလိုပြုလုပ် တိုင်တန်းသူ မစိုးမိုးခိုင်က ၎င်းသည် ၁၉၈၆ ခုနှစ်တွင် ပခုက္ကူမြို့နယ် ရွှေပေးကျေးရွာမှ ရွှေ့ပြောင်းခဲ့ကြောင်း မြောင်းမြမြို့တွင် နေထိုင်လျက်ရှိစဉ် ၂၀၀၀ ပြည့်နှစ် ဧပြီလခန့်က အစ်မဖြစ်သူမအေးဆွေ (သေဆုံးစဉ် အသက် ၃၈ နှစ်) သည် မန်ကျည်းပင်ပေါ်မှ ပြုတ်ကျသေဆုံးသည်ဟု ကြားသိခဲ့ပြီး သာမန်သေဆုံးသည်ဟု ထင်မိခဲ့ကြောင်း၊ ၂၀၀၄ ခုနှစ်တွင် အမွေတောင်းရန် ရွှေပေးရွာသို့ ခေတ္တပြန်လာစဉ် အစ်မဖြစ်သူသေဆုံးရခြင်းမှာ ၎င်း၏ညီမ၀မ်းကွဲတော်စပ်သူ မမြင့်မြင့်ခိုင်နှင့် ခင်ပွန်း ကိုဖိုးပေါက် (ခ) ၀င်းသန်း (၄၅ နှစ်) တို့ စကားများစဉ် မအေးဆွေက ၀င်ရောက် ပြောဆိုသည့်အတွက် ကိုဖိုးပေါက် (ခ) ၀င်းသန်းက မကျေနပ်၍ ထွန်ခြစ်ဖြင့် ရိုက်နှက်ရာ ဦးခေါင်းဝဲချိုစောင်းတွင် ပေါက်ပြဲ ဒဏ်ရာရရှိပြီး သေဆုံးသွားခြင်းဖြစ်သည်ကို သိရကြောင်း၊ တရားလို မစိုးမိုးခိုင်က ထပ်မံစုံစမ်းမှုများ ပြုလုပ်ပြီး ယခုမှ အမှုဖွင့်ရခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
ပခုက္ကူမြို့မရဲစခန်း တာဝန်ရှိသူများက ပြစ်မှုကျူးလွန်သူဟု တိုင်ကြားခံရသူ ကိုဖိုးပေါက် (ခ) ၀င်းသန်းအား ဖမ်းဆီးစစ်ဆေးမှု ပြုလုပ်နေပြီး သက်သေခံပစ္စည်း သိမ်းဆည်းခြင်းနှင့် ရုပ်အလောင်းပြန်လည် တူးဖော်စစ်ဆေးခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ပခုက္ကူ မြို့မ ရဲစခန်းတွင် ပြစ်မှုကျူးလွန်သူဟု တိုင်ကြားခံရသူ ကိုဖိုးပေါက် (ခ) ၀င်းသန်းအား (ပ) ၁၈/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားပြီး အမှုဖြစ်စဉ်နှင့် ပတ်သက်၍ လာမည့်ရက် အနည်းငယ်အတွင်း အသေးစိတ် ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ပခုက္ကူမြို့မရဲစခန်းမှူးက ပြောကြားသည်။
Credit : Eleven media
Loading...