သင်္ဃန်းကျွန်းတွင် နယ်ထိန်း ဓားထိုးခံရ

_________________________________________________________

သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်းရှိ ပန်းတန်းထိပ်တွင် ဇန်နဝါရီလ ၁၈ ရက် ည ၈ နာရီက မူးယစ်ရမ်းကားနေသော အမျိုးသား တစ်ဦးက နယ်ထိန်းကို ဓားဖြင့် ထိုးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဓားဖြင့်ထိုးသူ အသက် ၂၅ နှစ်အရွယ် နိုင်လင်းမှာ ယင်းမြို့နယ်ရှိ ဦးစံဖေရပ်ကွက်၊ ဦးစံဖေလမ်းတွင် နေထိုင်သူဖြစ်ပြီး ယင်းညက အရက်သေစာ သောက်စားပြီး မူးယစ်ရမ်းကားနေသောကြောင့် ၎င်း၏မိခင် ဒေါ်ခင်စောဦးက သင်္ဃန်းကျွန်းမြို့မ ရဲစခန်းသို့ လာရောက် တိုင်ကြားခဲ့သည်။

တိုင်ကြားချက်ကြောင့် လှည့်ကင်း ရဲတပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့က ၎င်းရှိရာ လေးထောင့်ကန်လမ်းရှိ ပန်းတန်းထိပ် ပရိဘောဂဆိုင်ရှေ့သို့ သွားရောက် ထိန်းသိမ်းစဉ် နိုင်လင်းက ခါးကြားတွင် ဝှက်ထားသည့် ဓားဦးချွန်ဖြင့် ပြန်လည် ခုခံသောကြောင့် နယ်ထိန်းဖြစ်သူ ရဲတပ်ကြပ် ရဲဝင်းအောင်၏ ညာဘက်မေးရိုးမှ ပါးအထိ ပြတ်ရှဒဏ်ရာ တစ်ချက် ရခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

နယ်ထိန်းကို ဓားဖြင့်ထိုးသော အမျိုးသားကို ဖမ်းဆီးပြီး သင်္ဃန်းကျွန်းမြို့မ ရဲစခန်းတွင် အမှုဖွင့် စစ်ဆေးနေကြောင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ သိရသည်။
http://thevoicemyanmar.com/news/5475-tkk
Loading...