Breaking News


တပ်မတော်ထောက်ခံသူတချို့က စစ်ပွဲရပ်တန့်ဖို့ တစ်ကိုယ်တော် ဆန္ဒပြသူကို ထိုးကြိတ်


Loading...


တပ်မတော်ထောက်ခံသူတချို့က ထိုးကြိတ်ခဲ့တဲ့ စစ်ပွဲရပ်တန့်ဖို့ တစ်ကိုယ်တော်ဆန္ဒပြသူကို ဇန်နဝါရီလ ၁၅ ရက်နေ့က တွေ့ရစဉ်။ Photo: Nay Soe Moe
မန္တလေးမြို့မှာ အစိုးရတပ်မတော်ရဲ့ တရားသောစစ် အောင်မြင်စေဖို့ ထောက်ခံပွဲပြုလုပ်သူတချို့က စစ်ပွဲတွေ ရပ်တန့်ဖို့ ပိုစတာကိုင်ဆောင်ပြီး တစ်ကိုယ်တော်ဆန္ဒပြသူကို ထိုးကြိတ်ခဲ့တယ်လို့ မျက်မြင်တွေ့ရှိ ခဲ့သူတွေက ပြောပါတယ်။

စစ်ပွဲတွေ ရပ်ဆိုတဲ့ ဗီနိုင်း ကပ်ထားတဲ့ ဆိုင်ကယ်နဲ့ တစ်ကိုယ်တော်ဆန္ဒပြသူက ချီတက်ဆန္ဒပြပွဲ အနီးကို ရောက်ရှိချိန်မှာ ဆိုင်ကယ်ကို ရပ်တန့်ခိုင်းပြီး ထိုးကြိတ်ခဲ့တာလို့ မြို့ခံတစ်ဦးက ပြောပါတယ်။

"တရားဝင်ခွင့်ပြုချက်နဲ့ ဒီဘက်ကလမ်းလျှောက်တဲ့အချိန်မှာ ဆိုင်ကယ်စီးတဲ့လူတစ်ယောက်က အဲဒီကြားထဲကို ဖြတ်လာရင်း ဆိုင်ကယ် လဲတယ်၊သူကတော့ ဆိုင်ကယ်မှာစစ်ပွဲတွေရပ်ဆိုတဲ့ ဗီနိုင်းတစ်ခုကို ဆိုင်ကယ်နောက်ကျောမှာထောင်ထားတယ်၊ရှေ့မှာလည်း တစ်ခုကပ် ထားတယ်၊ရုန်ရင်း ဆန်ခတ်ဖြစ်မှာ ဆိုးလို့ရဲကသူ့ကို ခနခေါ်ပြီးတော့ စိစစ်နေတယ်၊စစ်ဆေး ပေါ်ပေါက်ချက်အရ သက်ဆိုင်ရာနယ်မြေ ရဲစခန်းကဆက်ဆောင်ရွက်သွားပါမယ်"

အဲဒီကိစ္စနဲ့ပတ်သက်ပြီး သတင်းယူနေတဲ့ မြို့ခံဓာတ်ပုံသတင်းထောက်တစ်ဦးကိုလည်း ထောက်ခံပွဲမှာ ပါဝင်သူတစ်ဦးက ထိုးကြိတ်ခဲ့တယ်လို့ သိရပါတယ်။

ထိုးကြိတ်ခံရသူ နှစ်ဦးကို အမှတ် ၉ နယ်မြေရဲစခန်းက ခေါ်ယူမေးမြန်းခဲ့ပါတယ်။

စစ်ဆေးပေါ်ပေါက်ချက်တွေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး စိန်ထွန်း က ပြောပါတယ်။

တပ်မတော်ထောက်ခံပွဲပြုလုပ်သူအချို့က တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်သူကို လက်သီးနဲ့ ထိုးတာ ၊ ဆိုင်ကယ်ပေါ်က ဗီနိုင်းတွေကို ဆုတ်ဖြဲတာတွေ ပြုလုပ် ခဲ့ပါတယ်။

မြန်မာ့တပ်မတော်နှင့် တရားသောစစ်အောင်မြင်စေကြောင်း ထောက်ခံပွဲပြုလုပ်သူတွေက လူဦးရေ တစ်သောင်းနဲ့ ခွင့်ပြုမိန့်တင်ပြီး ဒီနေ့ နေ့လည်တစ်နာရီမှာ မန္တလာသီရိအားကစားကွင်းစုရပ်ကနေ မနော်ရမ္မံ ဟစ်တိုင်ကွင်းအထိ ချီတက်ခဲ့ကြတာဖြစ်ပါတယ်။

RFA Burmese
Loading...