Breaking News

တိုင်းအစိုးရရုံးဝင်းရှိ စားသောက်ဆိုင်တွင် ၁၅ နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်ရန် ကြံစည်သူကို ထောင်ဒဏ် ၁၃ နှစ် အမိန့်ချ


Loading...

ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးဝင်းရှိ စားသောက်ဆိုင် တစ်ဆိုင်တွင် အိပ်ပျော်နေသော အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးကို အဓမ္မပြုကျင့်ရန် ကြံစည်မှုဖြင့် တရားစွဲဆိုခဲ့သော အမျိုးသားကို ဇန်နဝါရီလ ၂၇ ရက်နေ့က အနောက်ပိုင်းခရိုင် တရားရုံးမှ အလုပ်နှင့် ထောင်ဒဏ် ၁၃ နှစ် အမိန့် ချမှတ်ခဲ့သည်။

ထောင်ဒဏ် အမိန့်ချမှတ်ခဲ့သော အသက် ၃၆ နှစ်အရွယ် သူရ (ခ) သူရအောင်မှာ ၂၀၁၆ ခုနှစ်၊ မေလ ၁၈ ရက် နံနက် ၁ နာရီက ၎င်း၏ မျက်နှာကို ပုဆိုးဖြင့်စည်းပြီး စားသောက်ဆိုင်တွင် အတူလုပ်ကိုင်သည့် အသက် ၁၅ နှစ်အရွယ် ဆိုင်အလုပ်သမား မိန်းကလေး၏ ပါးစပ်ကို လက်ဖြင့်ပိတ်၍ အဓမ္မပြုကျင့်ရန် ကြံစည်နေစဉ် ရုန်းကန်မှုကြောင့် အနီးတွင် အိပ်ပျော်နေသော ဆိုင်ရှင်အမျိုးသမီး လန့်နိုးရာမှ ၎င်းကို ဖမ်းမိခဲ့ကြောင်း အမှုဖွင့် တိုင်ကြားချက်များအရ ဒဂုံမြို့မ ရဲစခန်းထံမှ သိရသည်။

ယင်းအမှုကို အနောက်ပိုင်းခရိုင် တရားရုံးတွင် စစ်ဆေးခဲ့ရာ အမှုစစ်ဆေးပေါ်ပေါက်ချက်အရ ကျူးလွန်သူ သူရ (ခ) သူရအောင်ကို ပုဒ်မ ၄၅၆(ညအချိန် အိမ်ကျော်နင်းမှု)အရ အလုပ်နှင့် ထောင်ဒဏ် ၃ နှစ်၊ ပုဒ်မ ၃၇၆/၅၁၁ (မုဒိမ်းမှုကျူးလွန်ရန် အားထုတ်မှု) အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး ပြစ်ဒဏ်နှစ်ခုကို သီးခြားစီ ကျခံစေရန်နှင့် ချုပ်ရက်များကို ပြစ်ဒဏ်မှ ထုတ်နုတ်ခံစားခွင် ပြုခဲ့ကြောင်း အမိန့်ချ မှတ်ခဲ့သည်။
http://thevoicemyanmar.com/news/5679-tas
Loading...