Breaking News

ရထားလမ်းသို့ဖြတ်ကူးသောသုံးဘီးဆိုင်ကယ်နှင့် မီးရထားတိုက်မိ


Loading...
----------------------------




ဇန်နဝါရီလ(၁၅)ရက်နေ့၊ နံနက်(၇)နာရီကျော်ခန့်က မွန်ပြည်နယ်၊ ပေါင်မြို့၊ ပေါင်းရပ်ကွက်၊ ထန်းတောလမ်းတွင် မော်လမြိုင်မှ နေပြည်တော်သို့သွားသော အမှတ်(၁၈)အစုန်ရထားနှင့် ရထားသံလမ်းအားဖြတ်ကူးလာသော သုံးဘီးဆိုင်ကယ်တစ်စီးတို့ တိုက်မိခဲ့ကြသည်။
ဖြစ်စဉ်မှာ စက်ခေါင်းမောင်း ဦးခင်မောင်ကြူနှင့် ရထားထိန်းဦးသန်းဆွေတို့ လိုက်ပါလာသည့် နေပြည်တော်သို့သွားရန် မော်လမြိုင်မှထွက်ခွါလာသော စက်ခေါင်းအမှတ်(DF - 1225)၊ အမှတ်(၁၈) အစုန်ရထားခုတ်မောင်းလာစဉ် ပေါင်မြို့၊ ပေါင်းရပ်ကွက်၊ မီးရထားလမ်းမိုင်တိုင်အမှတ် ၁၅၉/၁၂ နှင့် ၁၅၉/၁၃ အကြား ထန်းတောလမ်း ရထားလမ်းကူးတွင် ပေါင်းရပ်ကွက်မှ ထန်းတောလမ်းအတိုင်း ယာဉ်မောင်း ဦးဝင်းဘိုမောင်းနှင်လာသည့် ၆ဟ/၉၈၇၈ Lion King၊ အပြာရောင်သုံးဘီးဆိုင်ကယ်သည် ရထားသံလမ်းကူးအား ဖြတ်ကူးခြင်းကြောင့် မီးရထားစက်ခေါင်းနှင့် တိုက်မိခြင်းဖြစ်သည်။
ထိုသို့တိုက်မိခြင်းကြောင့် သုံးဘီးဆိုင်ကယ်၏ဦးခေါင်းပိုင်း ပျက်ဆီးသွားခဲ့ကာ မီးရထားသံလမ်းဘေးသို့ လွင့်စင်သွားခဲ့သည်။
"ဒီလူကရထားလမ်းကိုဖြတ်ကူးတဲ့အချိန်မှာ စက်က ရုတ်တစ်ရက်ထိုးရပ်သွားတာ။ ရထားကလည်း မောင်းလာချိန်နဲ့ဆိုတော့ ရထားစက်ခေါင်းထောင့်စွန်းနဲ့ တိုက်မိတာပါ။ လူကတော့ဘာမှမဖြစ်ပါဘူး။ အမှုကိုတော့ မီးရထားပို့ဆောင်ရေး ပုဒ်မနဲ့ပဲစွဲမှာပါ"ဟု တာဝန်ရှိသူတစ်ဦးကပြောသည်။
အထက်ပါ ဖြစ်ရပ်နှင့်ပတ်သက်၍ မီးရထားနှင့်သုံးဘီးဆိုင်ကယ် တိုက်မိအောင် မဆင်မခြင်မောင်းနှင်ခဲ့သူ ဦးဝင်းဘိုအား ဥပဒေအရ အရေးယူပေးနိုင်ရန် ပေါင်ဘူတာမှ တာဝန်ခံရုံပိုင် ဦးခင်မောင်မြင့်က တရားလိုပြုလုပ်တိုင်တန်းသဖြင့် ပေါင်မြို့မရဲစခန်းမှ (ပ) ၈/၂၀၁၇၊ ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေပုဒ်မ - ၈၅ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း ရဲစခန်းမှတ်တမ်းများအရ သိရသည်။
Loading...