Breaking News


ပြန်ပေးဆွဲခံရသည့် မွေးကင်းစ သမီးငယ်အား ၁၈ နှစ်ကြာမှ ပြန်တွေ့


Loading...

အမေရိကန်ပြည်ထောင်စု တောင်ကယ်ရိုလိုင်းနားပြည်နယ် ဝေါ်လ်တာဘိုရိုမြို့မှာ လွန်ခဲ့တဲ့ ၁၈ နှစ်က ဆေးရုံပေါ်ကနေ ပျောက်ဆုံးသွားတဲ့ ကလေးငယ်ကို ပြန်ရှာတွေ့ပြီဖြစ်ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့က ဇန်န၀ါရီ ၁၃ ရက်နေ့က  သတင်းထုတ်ပြန်ပါတယ်။
မိန်းကလေးငယ်ဟာ ပြန်ရှာတွေ့ချိန်မှာ အသက် ၁၈ နှစ်အရွယ်ရှိပြီဖြစ်ပါတယ်။ သူ့အမည်က ကမီယာ-မော်ဘလေဖြစ်ပြီး လွန်ခဲ့တဲ့ ၁၈ နှစ် ပြန်ပေးဆွဲခံရချိန်မှာ သူဟာ မွေးကင်းစကလေးတဦးဖြစ်ပါတယ်။
ကမီယာရဲ့မိခင်ဟာ ၁၉၉၈ ခုနှစ်က ဖလောရီဒါပြည်နယ် ဂျက်ဆန်ဗီးလ်ဆေးရုံမှာ ကမီယာကို မွေးဖွားခဲ့ပါတယ်။
နာရီပိုင်းအတွင်းမှာပဲ သူနာပြုဝတ်စုံဝတ်ဆင်ထားတဲ့ အမျိုးသမီးတဦးရောက်လာပြီး မိခင်ရဲ့ အခန်းထဲကနေ ကမီယာကို ခိုးယူသွားခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ၁၈ နှစ်လုံးလုံး ပျောက်ဆုံးနေခဲ့ပါတယ်။ ထူးဆန်းတဲ့ဒီပျောက်ဆုံးမှုကြောင့် ပြည်သူလူထု စိတ်အ၀င်စားဆုံး သတင်းဖြစ်ခဲ့ပြီး သတင်းပေးမှုပေါင်း ၂၅၀၀ လောက်ကို အာဏာပိုင်တွေဘက်က လက်ခံရရှိခဲ့ပါတယ်။
နောက်ဆုံးမှာတော့ “အမေရိကန်အစိုးရ ပျောက်ဆုံးကလေးငယ်များဆိုင်ရာ စင်တာ” ရဲ့ သတင်းပေးချက်အရ ကမီယာ-မော်ဘလေကို ပြန်ရှာတွေ့ခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ကလေးကို ခိုးယူမွေးစားခဲ့တဲ့ အသက် ၅၁ နှစ်အရွယ် ဂလိုရီယာ-၀ီလီယမ်စ်ကို တောင်ကယ်ရိုလိုင်းနားပြည်နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။
အဲဒီနောက် အမှုစတင်ဖြစ်ပွားရာ ဖလော်ရီဒါပြည်နယ်ရဲတပ်ဖွဲ့ထံ ပြန်လည် လွှဲပြောင်းပေးမှာဖြစ်ပါတယ်။
ဒီအန်အေ-စစ်ဆေးချက်အရ ကမီယာ-မော်ဘလေရဲ့ မိဘအရင်းတွေကို အဆက်အသွယ်ရထားပြီးဖြစ်ကြောင်း တောင်ကယ်ရိုလိုင်းနားပြည်နယ်ရဲတပ်ဖွဲ့ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။
Loading...