ထောင်ကြီးချုပ်ဖြင့် တရားရင်ဆိုင်နေရသည့် ဂိမ်းဆိုင်ဝန်ထမ်း အမျိုးသမီး၏ဖခင်က စွမ်းနိုင်သူများ အကူအညီပေးကြရန် တောင်းဆို


_________________________________________________________

''ကိုယ့်သားသမီးကို လက်ထိပ်ကြီးနဲ့မြင်ရတာ ဘယ်မိဘက စိတ်ချမ်းသာနိုင်မလဲ။ ကျွန်တော်တို့ ယောကျာ်းသားတောင် ဒီလောက်ခံစားရတာ သူ့အမေဆိုရင် မျက်ရည်နဲ့မျက်ခွက်ပဲ''ဟု ပြောလာသူ အကြွေစေ့ ဂိမ်းဆိုင်အား ၀င်ရောက်ဖမ်းဆီးရာမှ အဖမ်းခံခဲ့ရသည့် အမျိုးသမီးတဦး၏ဖခင် ဦးသန်းငွေကNews Watch သို့ ပြောသည်။
ဦးသန်းငွေသည် မိတ္ထီလာမြို့နယ် မွေအုပ်စု ထန်းတောရွာမှ ရန်ကုန်သို့ သမီးဖြစ်သူ၏ တရားရုံးချိန်း တော်တော်များများတွင် လာရောက်တွေ့ဆုံသည်ဟု ဆိုသည်။ ''ဒီအခေါက်နဲ့ဆို သမီးရုံးထုတ် တာလာကြည့်ရတာ ရှစ်ကြိမ်ရှိပြီ။ ရန်ကုန်မှာ အသိမိတ်ဆွေလည်း မရှိဘူး။ ညကား စီးလာပြီး ကားဝင်း ရောက်ရင် တက္ကစီစီးမှ လာတတ်တယ်။ ဘယ်မှလည်း မသွားတတ်ဘူး။ ရုံးချိန်းမှာ သမီးကိုတွေ့ပြီးရင် ကားဝင်းပြန်ပြီး အိမ်ကိုပဲ ပြန်ရတာ ငွေရေးကြေးရေးကစပြီး အတော်ပန်းနေပါပြီဗျာ'' ဟုဆိုသည်။
၎င်း၏သမီးသည် ယခင်က မန္တလေးတွင် အရီးတောင်းလက်ဖက်လုပ်ငန်းတွင် လုပ်ကိုင်ခဲ့ပြီး အကြွေစေ့ဂိမ်းဆိုင် သို့ပြောင်းရွှေ့လုပ်ကိုင်ချိန်၌ အဖမ်းခံရခြင်းဖြစ်သည်ဟုဆိုသည်။ ''အဲဒီဂိမ်းဆိုင်မှာလုပ်တဲ့သူတွေက သုံးလမပြည့်ကြသေးဘူး။ သမီးကလည်း အဲဒီမှာလုပ်တာ ၄ ရက်ပဲရှိသေးတာ အဖမ်းခံလိုက်ရတယ်'' ဟု ပြောသည်။
ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းအပေါ် ဘလောက်ရှိ Top Speed အကြွေစေ့ဂိမ်းဆိုင်အား NLD အစိုးရသစ်၏ ရက် ၁၀၀ စီမံကိန်းအတွင်း ၂၀၁၆ မေ ၂၅ ရက်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ယင်းဂိမ်းဆိုင်အား ၀င်ရောက် ဖမ်းဆီးခဲ့စဉ်က ဆိုင်တွင် အကြွေစေ့ရောင်းချပေးသည့် အမျိုးသမီး ရှစ်ဦးနှင့် ဆိုင်အတွင်း ရောက်ရှိနေသူ အမျိုးသားရှစ်ဦး အဖမ်းခံခဲ့ရသည်။ ၎င်းတို့အဖမ်းခံခဲ့ရပြီး ဆိုင်ရှင်တရုတ် အမျိုးသားက ကျောက်တံတားမြို့နယ် တရားရုံးအာမခံလျှောက်ထားခဲ့ရာ ကျောက်တံတားမြို့နယ် တရားရုံးမှ နိုင်ငံခြားသားဖြစ်နေသည့်အတွက် အာမခံပယ်ချခဲ့သည်။
မြို့နယ်မှ အာမခံပယ်ချခံရသောကြောင့် ပိုင်ရှင် တရုတ် အမျိုးသားသည် ခရိုင်တရားရုံးသို့ အာမခံလျှောက်ရာ ခရိုင်တရားရုံးက နိုင်ငံကူးလက်မှတ်များ သိမ်းဆည်းထားပြီး ကျပ်သိန်း ၁၀၀ ဖြင့် အာမခံထုတ်ပေးခဲ့သည်ဟု သိရသည်။ ယင်းသို့အာမခံထုတ်ပေးပြီး ချိန်တွင် ဆိုင်ရှင်တရုတ်မှ တရုတ်နိုင်ငံသို့ ထွက်ပြေးသွားရာ ယနေ့အချိန်အထိ အစအနပင်ရှာ၍ မရတော့ဟု အမှုရင်ဆိုင်နေသူများက ပြောသည်။
Top Speed ဆိုင်ရှင် တရုတ်ထွက် ပြေးသွားချိန်မှစ၍ ဆိုင်တွင်တာဝန်ထမ်းဆောင်နေသည့် အမျိုးသမီးများ ဒုက္ခ အခက်အခဲများစွာဖြင့် အင်းစိန်ထောင်ကြီးချုပ်တွင် ကျန်ရစ်ခဲ့သည်ဟု လက်ရှိ အမှုရင်ဆိုင်နေရသူများက ပြောသည်။
''အရင်ဦးဆုံး ကောင်မလေးတွေကိုလည်း အာမခံပေးတယ်။ အဖမ်းခံရတဲ့ ကလေးမလေး ရှစ်ယောက်ထဲက နှစ်ယောက် ထွက်ပြေးသွားတယ်။ ရုံးချိန်းလည်း သိပ်မမှန်လို့ သူတို့ကို အာမခံရုပ်သိမ်း သွားတာ အဲဒီအပြင် သူတို့ကို အာမခံပေးတဲ့သူကလည်း အာမခံမပေးတော့ဘူး။ ဒါကြောင့် သူတို့က ထောင်ကြီးချုပ်နဲ့ ရင်ဆိုင်နေရတာ''ဟု အမှုရင်ဆိုင်နေသူတဦးက ပြောသည်။
ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်တွင်နေထိုင်သူ ဒေါ်ခင်မြင့်က ''မိဘကိုလုပ်ကျွေးနေတဲ့ သမီးလေးပါ။ အဲဒီမှာလုပ်တာနှစ်လလောက်ပဲ ရှိသေးတာ။ ရုံးချိန်းတိုင်းလာရတာ ပိုက်ဆံ ငါးသိန်းလောက် ကုန်နေပြီ။ ကျွန်မကလည်း ဆိုင်ကယ်မှောက်ပြီး ခါးရိုးကျိုးထားတာ။ ဒါပေမဲ့ ကိုယ့်သမီးလေး ဒုက္ခရောက် နေတာဆိုတော့ ဘာပဲဖြစ်ဖြစ် ရောက်အောင်လာရတာ။ သမီးရဲ့သူငယ်ချင်းတွေ မိဘတချို့မလာနိုင်တဲ့အတွက် သူတို့အတွက်ပါ ချက်ပြုတ်ပြီး ယူလာပေးရတယ်။ ဒုက္ခအရမ်းကြီးပါတယ်''ဟု ဆိုသည်။
ငွေရေးကြေးရေး အဆင်မပြေမှုများစွာကြုံတွေ့နေရသော်လည်း အမှုရုံးချိန်းတိုင်းရောက်အောင် လာရောက် နေရကြောင်းနှင့် ဇန်န၀ါရီ ၁၀ ရက် ရုံးချိန်းတွင် တရားလိုရဲ မလာရောက်သဖြင့် ဇန်န၀ါရီ ၁၈ ရက်သို့ ထပ်မံ ရုံးချိန်းလိုက်ကြောင်း သိရသည်။
''ဒီဟာက လောင်းကစားမှုမြောက်တယ်။ တရားမ၀င်ဘူးဆိုရင် အများပြည်သူကိုသိအောင် ကြေညာသင့်တယ်။ လူတွေဝင်ထွက်သွားလာ လွယ်ကူတဲ့ ရန်ကုန်မြို့လယ်လို နေရာဖြစ်တော့ တရားမ၀င်ဘူးဆိုတာ မသိဘူး။ လောင်းကစားမှုနဲ့ အဖမ်းခံရတာ တော်တော်ဒုက္ခရောက်နေတယ်။ ကျွန်တော်တို့ဆိုရင် ကိုယ်ဈေး ရောင်းတဲ့ ဆိုင်နဲ့နီးတော့ အဲဒီကို အလွယ်တကူ ၀င်ထွက်နေတာပဲ။ အခုအမှုရင်ဆိုင်နေရတော့ တော်တော်ကို ဒုက္ခရောက် တယ်။ ဆိုင်ရှင်တရုတ်ကတော့ ထွက်ပြေးသွားပြီး ကိုယ့်နိုင်ငံသားတွေကျ ဒုက္ခတွေ အမြောက်အမြားနဲ့ ရင်ဆိုင်နေရတယ်''ဟု အမှုရင်ဆိုင်နေသူတဦးက ပြောသည်။
လက်ရှိ ထောင်ကြီးချုပ်ဖြင့် ရင်ဆိုင်နေရသည့် အမျိုးသမီးများသည် မိတ္ထီလာ၊ မလှိုင်၊ ကျောင်းကုန်းစသည့် တောအရပ်မှ အဆင်မပြေ၍ အလုပ်လုပ်ကိုင်သူ အများစုဖြစ်ပြီး ၎င်းတို့၏ မိဘများသည်လည်း လည်လည် ၀ယ်ဝယ်မရှိကြပေ။ သမီးဖြစ်သူ ထောင်ကြီးချုပ် လက်ထိပ်တန်းလန်းနှင့် အမှုရင်ဆိုင်နေရခြင်းအား မကြည့်ရက နိုင်သူ ဦးသန်းငွေက''ကျွန်တော် နားလည်တာကတော့ ဒုက္ခရောက်နေတာပဲ သိတယ်။ ဘယ်သူ့အကူအညီ တောင်းရမလဲ မသိတော့ စွမ်းနိုင်တဲ့သူများ ကူညီကြပါလို့ပဲ ပြောချင်တယ်''ဟု ပြောသည်။
Loading...