ကလေးငယ်လေးဦးကို မွေးစားထားသူရဲ့ ယာဉ်မောင်းက အဓမ္မပြုကျင့်ခဲ့ပြီး မွေးစားသူနဲ့ ကလေးထိန်းပါ ခေါ်ယူစစ်ဆေးနေ


_________________________________________________________

ခေါ်ယူမွေးစားထားတဲ့ ကလေးငယ်ခုနစ်ဦးအနက် အသက် (၇)နှစ်အောက် မိန်းကလေးငယ်လေးဦးကို မွေးစားထားသူရဲ့ ယာဉ်မောင်းက အဓမ္မပြုကျင့်ခဲ့တဲ့ဖြစ်ရပ်တစ်ခု ဗိုလ်တစ်ထောင်မြို့နယ်မှာ ဖြစ်ပွားခဲ့ပါတယ်။
ဗိုလ်တထောင်မြို့နယ် လမ်းသွယ်(၂)ရှိ တိုက်ခန်းတစ်ခန်းမှာ အခန်းပိုင်ရှင် ဒေါ်ခမ်းဆိုသူက အသက် (၃)နှစ်မှ (၇)နှစ်အရွယ်  မိန်းကလေးငယ်လေးဦးနဲ့ အသက် (၅)နှစ်နဲ့ အသက် (၁၁)နှစ်အရွယ် ယောက်ျားလေး သုံးဦးကို မွေးစားထားရာမှာ ကလေးငယ်တွေ ညှဉ်းပန်းနှိပ်စက်ခံနေရကြောင်း ရပ်ကွက်နေသူတွေက တာဝန်ရှိသူတွေထံ သတင်းပေး တိုင်ကြားခဲ့ကြတာ ဖြစ်ပါတယ်။
ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးစစ်ဆေးနေကာ ကလေးတွေကိုတော့ ဇန်နဝါရီ ၂၆ ရက်ညနေက ရန်ကုန်ဆေးရုံကြီးမှာ ဆေးစစ်ထားတယ်လို့ ဗိုလ်တစ်ထောင်ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောထားကြောင်း ပြည်တွင်းသတင်းစာကြီးတစ်စောင်ရဲ့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။
အဓမ္မပြုကျင့်ခံရတဲ့ ကလေးငယ်လေးဦး အပါအဝင် ကလေးအားလုံးကို လူမှုဝန်ထမ်းဦးစီးဌာနမှာ ခေတ္တထိန်းသိမ်းစောင့်ရှောက်ထားပြီး  ဇန်နဝါရီ ၂၅ ရက်က ကျန်းမာရေးစစ်ဆေးကြည့်တဲ့အခါ မိန်းကလေးငယ် လေးဦးမှာ လိင်ပိုင်းဆိုင်ရာပြုကျင့်ခံရတာကို တွေ့ရှိခဲ့ရကြောင်း ဗိုလ်တထောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေမေစိုးက ပြောထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ကလေးငယ်တွေကို စစ်ဆေးမေးမြန်းရာမှာ မွေးစားထားသူဒေါ်ခမ်းရဲ့ယာဉ်မောင်း အသက် (၄၃)နှစ်အရွယ် လှမိုး(ခ)နီတွတ်က မိန်းကလေးငယ်လေးဦးကို လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တယ်လို့ ထွက်ဆိုခဲ့ပြီးဒေါ်ခမ်းနဲ့ ကလေးထိန်းတစ်ဦးတို့ကိုလည်း ခေါ်ယူစစ်ဆေးနေတယ်လို့ သိရပါတယ်။
ဖြစ်စဉ်မှာ ပါဝင်တဲ့သူတွေ အကုန်လုံးကို စစ်ဆေးအရေးယူသွားမှာဖြစ်ပြီး  ကလေးမွေးစားသူ ဒေါ်ခမ်းနဲ့ ကလေးထိန်း ဒေါ်ခင်မာညိုတို့ကိုလည်း လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့က စစ်ဆေးနေပါတယ်လို့ ရဲအရာရှိတစ်ဦးက ပြောထားကြောင်း သတင်းမှာ ဖော်ပြပါတယ်။
Photos & Source: 7Day Daily
Loading...