နှစ်သစ်ကူးည၌ ဂတ်စ် အသုံးပြု၍ ပစ်ခတ်သော ခဲစေ့သေနတ် (သေနတ် အတု)ဖြင့် ပစ်ခတ်မှုတစ်ခု သထုံတွင် ဖြစ်ပွား


_________________________________________________________

မွန်ပြည်နယ်၊ သထုံမြို့လယ်ခေါင် ရွှေစာရံ အဝိုင်းတွင် ဒီဇင်ဘာလ ၃၁ ရက်၊ ည ၁၂ နာရီ ဝန်းကျင်ခန့်က နှစ်သစ်ကူး ပျော်ပါးနေစဉ် လူငယ်တစ်ဦး သေနတ်အတု (ဂတ်စ် အသုံးပြု ပစ်ခတ်ရသော ခဲစေ့သေနတ်) ဖြင့် ပစ်ခတ်ခံရမှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“နှစ်သစ်ကူးည ဆိုတော့ လူငယ်တွေက မြို့လယ်အဝိုင်းမှာ စုရုံး ပျော်ရွှင်နေကြတယ်။ လမ်းပိတ်ဆို့မှု ဖြစ်တာပေါ့ အဲဒီအချိန်မှာ ကားက လာတော့ နည်းနည်း ပွတ်မိသလို ဖြစ်သွားတော့ စကားများ ရန်ဖြစ်ရာကနေ ဖြစ်သွားတာပါ။ သေနတ်ကတော့ ဂတ်စ်အသုံးပြုပြီး ပစ်တဲ့ခဲ့စေ့ သေနတ်မျိုးပါ အနီးကပ်ပစ်တဲ့ အနေထားကြောင့် အရေပြား ပေါက်ပြဲ ဒဏ်ရာလောက်ဘဲ ရတာပါ စိုးရိမ်စရာတော့ မရှိပါဘူး ပစ်တဲ့သူကိုလဲ သဲလွန်စ ရနေပါပြီ ဖမ်းဆီးရမိရေး ဆောင်ရွက်နေပါတယ်” ဟု သထုံမြို့မရဲစခန်းမှူး ဒုရဲမှူး သန်းဇော်က ပြောသည်။


ဖြစ်စဉ်မှာ နှစ်သစ်ကူးည၌ သထုံ ရွှေစာရံအဝိုင်းတွင် လူငယ်များ စုရုံးပျော်ပါးနေစဉ် ယာဉ်ကြော ပိတ်ဆို့မှု အနည်းငယ် ဖြစ်ပွားခဲ့သဖြင့် စကားများ ရန်ဖြစ်ကြရာမှ သထုံမြို့၊ အောက်ကျင်း ရပ်ကွက်တွင် နေထိုင်သည့် ထွန်းထွန်းဝင်း ၂၃ နှစ် (ဘ) ဦးဝင်းနိုင် အား ယာဉ်အမှတ်မသိ၊ Noah အမျိုးအစား ခဲရောင်ယာဉ်ပေါ်မှ အမည်မသိ လူတစ်ဦးက ငွေမှင်ရောင် ဆုံလည်ခဲစေ့ သေနတ်အတုဖြင့် ပစ်ခတ်ပြီး ယာဉ်အား မောင်းနှင်ထွက်ပြေး သွားကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် ထွန်းထွန်းဝင်းမှာ ယာဘက် ရင်အုံတွင် ၂ ချက်၊ ဘယ်ဘက် နံဘေးတွင် ၁ ချက်၊ ဘယ်ဘက် တင်ပါးဆုံတွင် ၁ ချက် သေနတ် ဒဏ်ရာများ (မစိုးရိမ်ရ) ရရှိခဲ့သဖြင့် သထုံခရိုင် ပြည်သူ့ ဆေးရုံကြီးသို့ တင်ပို့ကာ ဆေးကုသမှု ခံယူလျက် ရှိပြီး ခဲစေ့သေနတ်ဖြင့် ပစ်ခတ်သူအား သထုံမြို့မ ရဲစခန်းမှ (ပ) ၅/ ၂၀၁၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၃၃၇ ဖြင့် အမှုဖွင့် ထားကြောင်း သိရသည်။

သက်ဦး (သထုံ)
MOI Webportal Myanmar
Loading...