ကွတ်ခိုင်မြို့နယ်၌ KIA/ TNLA/ MNDAA နှင့် AA ပူးပေါင်း လက်နက်ကိုင်အဖွဲ့များ၏ ပစ်ခတ်မှုကြောင့် ယာဉ်မောင်းတဦးသေဆုံး



_________________________________________________________

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၁၃ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်လွန်းရွာအနီး လမ်းလုံခြုံရေးဆောင်ရွက်နေစဉ် ကားလမ်းဘေးလျှိုအတွင်း ယာဉ်တစ်စီး တိမ်းမှောက်နေသည် ကို တွေ့ရှိခဲ့ရသည်။
တိမ်းမှောက်သည့်ယာဉ်မှာ 6K 2185၊ ပရိုဘောက်စ်ယာဉ်ဖြစ်ပြီး အင်ဂျင်အဖုံးတွင် လက်နက်ငယ် ကျည်ဖေါက်ဝင်သည့် အပေါက် ၃ ခု၊ ရှေ့လေကာမှန်နှင့် နောက်လေကာမှန်များ ကြေမွပျက်စီးနေပြီး အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိခဲ့ရာ စုံစမ်းမေးမြန်းမှုအရ မြစ်သားမြို့နေ လားရှိုး-မူဆယ် အငှားယာဉ်မောင်း ရဲမောင် ဖြစ်ကြောင်း သိရသည်။

Image may contain: tree, plant and outdoor
ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၀ ရက်မှ ၂၅ ရက်အတွင်း KIA/ TNLA/ MNDAA နှင့် AA ပူးပေါင်း လက်နက်ကိုင်အဖွဲ့များမှ လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ယာဉ်များအား တားဆီး ပိတ်ဆို့ခြင်း၊ မီးရှို့ခြင်းများနှင့် ပစ်ခတ်မှုများပြုလုပ်စဉ်က လက်နက်ငယ်ကျည်ထိမှန်၍ လျှိုအတွင်းသို့ ပြုတ်ကျခဲ့ပြီး သစ်ကိုင်းများဖြင့် ဖုံးအုပ်နေသည့်အတွက် အလွယ်တကူတွေ့မြင်နိုင်မှု မရှိခဲ့ခြင်းကြောင့် ယခုမှ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အမှုဖွင့်ဆောင်ရွက်သွားရန်စီစဉ်ထားကြောင်း သိရသည်။
(နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးအဖွဲ့)