Breaking News

ရည်းစားကို ဆဲသူအား ဓားဖြင့် ထိုးသတ်



Loading...
----------------------------


ဒဂုံဆိပ်ကမ်းမြို့နယ်၊ အမှတ်(၉၈) ရပ်ကွက်၊ စက်မှုဇုန်(၁)၊ မက္ခရာ မင်းသားကြီးလမ်းရှိ ပလတ်စတစ်စက်ရုံ တစ်ရုံ အမျိုးသမီး အဆောင်ရှေ့တွင် ညစ်ညမ်းစွာ ဆဲဆိုနေသော အသက် ၂၈ နှစ်အရွယ် အမျိုးသားကို မိန်းကလေး၏ ရည်းစားဆို သူက ဓားဖြင့် ထိုးသတ်ခဲ့ကြောင်း ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ အမှတ်(၉၈)ရပ်ကွက်၊ မက္ခရာ မင်းသားကြီးလမ်းတွင် နေထိုင်သူအသက် ၂၅ နှစ်အရွယ် ထွန်းထွန်းနိုင် (ခ)ထွန်းထွန်းသည် ဒီဇင်ဘာလ ၂၇ ညပိုင်းက ယင်းလမ်းရှိ ပလတ်စတစ် စက်ရုံ၏ အမျိုးသမီး အဆောင်ရှေ့တွင် ၎င်း၏ ရည်းစားဆိုသူကို ညစ်ညမ်းစွာ ဆဲဆိုနေသော ကျော်နိုင်ဦး (ခ)ကျော်ကြီးကို အသင့်ပါလာသော ဓားဖြင့် ထိုးသတ်ခဲ့ခြင်းဖြစ်ကြောင်း ဒဂုံဆိပ်ကမ်း မြို့မရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“နှစ်ယောက်စလုံးက စက်ရုံ အလုပ်သမားတွေပါပဲ၊ စက်ရုံ အမျိုးသမီး အဆောင်ရှေ့မှာ အလုပ်သမား နှစ်ဦး ရန်ဖြစ်နေတယ်ဆိုပြီးကြားလို့ သွားကြည့်ရင်း ဓားထိုးခံရတာကို တွေ့ခဲ့ရတာ၊ မေးကြည့်လိုက်တော့ ကောင်မလေးကို ညစ်ညမ်းစွာ ဆဲဆိုနေလို့ သူ့ရည်းစားက ဓားနဲ့ ထိုးခဲ့တာလို့ အမှုဖွင့် တိုင်ချက်အရ သိရတယ်၊ ပြစ်မှု ကျူးလွန်သူကိုလည်း ချက်ချင်းပဲ ဖမ်းမိခဲ့ပါတယ်”ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ဓားထိုးခံရမှုကြောင့် အသက် ၂၈ နှစ်အရွယ် ကျော်နိုင်ဦး (ခ)ကျော်ကြီးမှာ ရင်ညွန့် သွေးထွက်ဒဏ်ရာ တစ်ချက် ရရှိပြီး သင်္ဃန်းကျွန်း စံပြ ဆေးရုံကြီးသို့ ပိုဆောင်စဉ် သေဆုံးသွားသဖြင့် ပြစ်မှု ကျူးလွန်သူအား ဒဂုံဆိပ်ကမ်း မြို့မရဲစခန်းမှ (ပ)၁၃၇၉/၁၆၊ ရာဇသတ်ကြီး ပုဒ်မ ၃ဝ၂ ဖြင့် ဖမ်းဆီး စစ်ဆေးနေကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

http://thevoicemyanmar.com/latest-news/4865-lov
Loading...