ဘင်္ဂလားဒေ့ရှ်ရေပိုင်နက်အတွင်းရှိ ငါးဖမ်းလှေကို မြန်မာဘက်မှ ပစ်ခတ်သည်ဟုဆိုကာ မြန်မာသံအရာရှိ ခေါ်ယူသတိပေးခံရ၊ ပစ်ခတ်မှုဖြစ်စဉ်ကို မြန်မာဘက်မှ စိစစ်နေဟုဆို



_________________________________________________________



ဘင်္ဂလားပင်လယ်အော်အတွင်း ၎င်းတို့နိုင်ငံသားများ လိုက်ပါလာသည့် ငါးဖမ်းလှေကို ပစ်ခတ်သည်ဟုဆိုကာ ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာသံအရာရှိကိုခေါ်ယူတွေ့ဆုံ၍ ပြင်းထန်စွာ သတိပေးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်မီဒီယာ The Daily Star က ဖော်ပြထားသည်။ မြန်မာသံအရာရှိ ဦးမျိုးမြင့်သန်းအား ဘင်္ဂလား ဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၉ ရက် နေ့လယ်ပိုင်းတွင် ခေါ်ယူသတိပေးခဲ့ခြင်းဖြစ်ပြီး ယင်းသို့ခေါ်ယူတွေ့ဆုံရာတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ခမ်ရူးအာဆန်က အဆိုပါဖြစ်စဉ်နှင့်ပတ် သက်၍ ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း သတိပေးစာတစောင်ကို ဦးမျိုးမြင့်သန်းထံပေးအပ်ခဲ့ကြောင်း ဖော်ပြထားသည်။
ဘင်္ဂလားပင်လယ်အော် Cox Bazar ခရိုင် စိန့်မာတင်ကျွန်းအနီး၌ ဒီဇင်ဘာ ၂၈ ရက်တွင် ဘင်္ဂလားဒေ့ရှ် ငါးဖမ်း လှေတစီးကို မြန်မာ့တပ်မတော် (ရေ) က ပစ်ခတ်ခဲ့ခြင်းကြောင့် လူခြောက်ဦးဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။ ပစ်ခတ်ခံရချိန်၌ အဆိုပါ ငါးဖမ်းလှေသည် ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်အတွင်း၌ရှိနေကြောင်း ဘင်္ဂလား ဒေ့ရှ်အစိုးရအရာရှိများက အတည်ပြုပြောကြားသည်ဟု ပါရှိသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ''မနေ့ညက အဲဒီသတင်းတွေ့ပါတယ်။ အင်္ဂါနေ့က ဖြစ်တယ်ဆိုတဲ့ဟာ။ အဲဒါကို ကနဦး စိစစ်တာတော့ သူတို့ဖြစ်စဉ်တင်ထားတာ မရှိဘူး။ အဲလိုဖြစ်စဉ်မျိုးလေ။ အဲဒါထပ်မံ ပြီးတော့လည်း သူတို့ပြောတဲ့ဟာ ဘယ်နေရာလဲဆိုတဲ့ဟာတွေကို ကျွန်တော်တို့ ပြန်ပြီးတော့ စိစစ်နေတယ်။ ကနဦးစိစစ် ချက်အရတော့ အဲဒီလိုဖြစ်စဉ်မျိုး၊ ပစ်ခတ်တဲ့ အဆိုပါ ဖြစ်စဉ်မျိုး မရှိဘူးလို့ သိရပါတယ်''ဟု သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက News Watch သို့ ဒီဇင်ဘာ ၂၉ ရက်တွင် ပြောသည်။
ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာသံအရာရှိကို ခေါ်ယူတွေ့ဆုံ၍ သတိပေးခဲ့မှုနှင့် ဖြစ်စဉ်အသေးစိတ်များကို ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူများထံသို့ ဖုန်းဖြင့်ဆက်သွယ်မေး မြန်းခဲ့ပါသော်လည်း ဆက်သွယ်၍မရခဲ့ပေ။