Breaking News

ဘန်ကောက်တွင် မြန်မာအိမ်ဖော် ၂ ဦး စိန်ထည်ပစ္စည်းသူခိုးဟု စွပ်စွဲခံရပြီး ပိတ်လှောင်ခံရ


Loading...

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘန်းနားနယ်မြေ စုခိုဝစ်လမ်းထဲက ထိုင်းအိမ်တအိမ်မှာ အလုပ်လုပ်နေတဲ့ မြန်မာအိမ်ဖော် ၂ ဦးကို အလုပ်ရှင်က စိန်ထည်ပစ္စည်းခိုးယူတယ်လို့ စွပ်စွဲပြီး ၂၂ ရက်ကြာ အိမ်မှာလှောင်ထားခဲ့တယ်လို့  ရွှေ့ပြောင်းအလုပ်သမား ကူညီရေးအဖွဲ့က ပြောပါတယ်။
ကရင်ပြည်နယ် ဘားအံကနေ ဘန်ကောက်မြို့မှာ အိမ်ဖော်လာလုပ်နေတဲ့ အသက် ၃၀ နှစ်အရွယ် အမျိုးသမီး ၂ ဦးကို အလုပ်ရှင်သူဌေးက ဘတ်သိန်း ၂၀ တန်ဖိုးရှိ စိန်ဆွဲကြိုးနဲ့ စိန်လက်စွပ် ခိုးတယ်လို့ စွပ်စွဲပြီး ဒီလ ၇ ရက်ကနေ ၂၈ ရက်နေ့ထိ လှောင်ထားတယ်လို့ မြန်မာသံရုံး အလုပ်သမား ကူညီစောင့်ရှောက်ရေး မဟာမိတ်ကော်မတီ (အေအေစီ) ပြောခွင့်ရ ကိုရဲမင်းက ဒီဗွီဘီကို ပြောပါတယ်။
“နိုင်ငံခြားသားနဲ့ယူထားတဲ့ ထိုင်းအမျိုးသမီး ထိုင်းအိမ်ရှင်ပေါ့နော်၊ အဲဒီအမျိုးသမီးရဲ့ စိန်လက်စွပ်ရယ်၊ စိန်ဆွဲကြိုးရယ် ကာလပေါက်ဈေးက ဘတ်သိန်း ၂၀ တန်ဖိုးရှိတယ်တဲ့၊ အဲဒါ ကားမောင်းသမားကိုလည်း စွပ်စွဲတယ်၊ ဒါပေမယ့် အဓိကက အိမ်ထဲမှာအလုပ်လုပ်တဲ့ အဲဒီမိန်းကလေး ၂ ယောက်ကို စွပ်စွဲတယ်။ ပြီးတော့ ဘန်းနားနယ်မြေရဲစခန်းမှာလည်း အမှုဖွင့်ထားတယ်၊ သူတို့ ၂ ယောက်ကိုလည်း ဘယ်မှ ပေးမသွားတော့ဘူး။ စောင့်ကြည့်တယ်၊ ခြိမ်းခြောက်တယ်၊ နင်တို့ ဝန်ခံဝန်ခံဆိုတာပဲပြောတယ်။ ရဲတွေ ခနခနခေါ်လာပြီး စစ်တယ်။ အဲဒါကြောင့် အပြင်မှာရှိတဲ့ သူတို့အမျိုးသားနဲ့ ဆွေမျိုးတွေက ကျနော်တို့ အေအေစီအဖွဲ့နဲ့ မြန်မာသံရုံး အလုပ်သမားသံအရာရှိဆီ အကူအညီတောင်းတယ်။ ဒါနဲ့ ၂၈ ရက်နေ့က သွားပြီးခေါ်ထုတ်လာခဲ့တယ်။”
အလုပ်ရှင်က အခုလိုစွပ်စွဲပေမယ့် အိမ်အကူ ၂ ယောက်ယူတယ်ဆိုတဲ့ သက်သေအထောက်အထား ဘာမှမပြနိုင်ကြောင်း၊ ဒါကြောင့် အဲဒီ ၂၈ ရက်နေ့မှာပဲ အလုပ်သမား သံအရာရှိ ဦးမိုးအောင်ခိုင်နဲ့ အေအေစီအဖွဲ့တို့ ဘန်းနားနယ်မြေရဲစခန်းကို သွားရောက်ပြီး အိမ်အကူ ၂ ယောက်ကို မြန်မာသံရုံးထောက်ခံစာ၊ အာမခံနဲ့ ခေါ်ထုတ်လာခဲ့တယ်လို့ ဆိုပါတယ်။
ရဲစခန်းကတော့ သူတို့လက်ဗွေရာနဲ့ မျိုးဗီဇဒီအန်အေ အထောက်အထားတွေယူထားပြီး လာမယ့် ဇန်နဝါရီလဆန်းပိုင်းမှာ ထပ်မံခေါ်ယူစစ်ဆေးအုံးမယ်လို့ ပြောပါတယ်။
အိမ်အကူ ၂ ဦးမှာလည်း အဲဒီအိမ်ကနေ အလုပ်ထွက်ခဲ့ပြီး သူတို့လစာတွေကိုတော့ သူဌေးက ဘဏ်ကနေလွှဲပေးမယ်လို့ ဆိုပါတယ်။
အေအေစီအဖွဲ့အနေနဲ့ အိမ်အကူ ၂ ယောက် မတရားစွပ်စွဲခံနေရတာလို့ ယုံကြည်ပြီး တကယ်လို့ အလုပ်ရှင်က မဟုတ်မမှန် ဆက်ပြီးရှေ့တိုးလာမယ်ဆိုရင် ပြန်တရားစွဲမယ်လို့ ကိုရဲမင်းက ပြောပါတယ်။
Loading...