ထိုင်း-မြန်မာနယ်စပ်တွင် ‘၀’ မူးယစ်ကုန်ကူးသူများနှင့် ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်များအကြား အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး ခြောက်ဦး သေဆုံး

_________________________________________________________

ထိုင်း-မြန်မာနယ်စပ် ရွှေတြိဂံနယ်မြေအနီးတွင် ‘၀’ လူမျိုး မူးယစ်ကုန်ကူးသူများနှင့် ထိုင်းစစ်တပ်တို့ ဒီဇင်ဘာ ၇ ရက်နေ့ ညဥ့်နက်ပိုင်းက အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး မူးယစ်ကုန်ကူးသူများ သေဆုံးသွားကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ လှည့်ကင်းဆောင်ရွက်နေသော ထိုင်းစစ်တပ်က တောင်တန်းများထူထပ်ရာ နယ်စပ်ဒေသတွင် ကုန်းကြောင်းသွားလာနေသူ လူတစုကို ရှာဖွေစစ်ဆေးရန်ဟန့်တားရာ စစ်ဆေးမခံဘဲ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟုဆိုသည်။
“မူးယစ်ကုန်ကူးသူ ခြောက်ဦးသေဆုံးသွားခဲ့တယ်။ သူတို့အဖွဲ့က လူ ၂၀ လောက်ရှိပါတယ်။ ကျန်လွတ်မြောက်သွားသူတွေကိုလည်း လုံခြုံရေးတပ်ဖွဲ့တွေက အပူတပြင်း လိုက်လံရှာဖွေနေပါတယ်”ဟု ထိုင်း နယ်စပ်ဒေသလုံခြုံရေးတပ်ဖွဲ့မှ တပ်မှူး Jiradech Kamolpetch က ပြောသည်။
အဆိုပါ မူးယစ်ကုန်ကူးသူများထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၅၄,၀၀၀၊ ဘိန်းဖြူ ၃၀ ကီလိုဂရမ်နှင့် လက်နက်ခဲရမ်းများလည်း သိမ်းဆည်းရမိခဲ့ကြောင်း အမည်မဖော်လိုသူ အရာရှိတဦးက ပြောသည်။
၎င်းမူးယစ်ကုန်ကူးသူများသည် မူးယစ်ကုန်ကူးခြင်းကို အကြီးအကျယ်လုပ်ကိုင်သည်ဟု စွပ်စွဲခံရသည့် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းမှ ‘၀’ လူမျိုးများဖြစ်နိုင်ကြောင်းလည်း ၎င်းက ပြောသည်။ ရွှေတြိဂံနယ်မြေနှင့်ထိစပ်လျက်ရှိသော ထိုင်းနိုင်ငံမြောက်ဘက်ပိုင်းတွင်လည်း ‘၀’ လူမျိုးအချို့ နေထိုင်ကြသည်။ ရွှေတြိဂံနယ်မြေသည် နှစ်ပေါင်းများစွာကတည်းက ဘိန်းဖြူကုန်သွယ်မှုလမ်းကြောင်း မြစ်ဖျားခံရာနေရာတခုဖြစ်ပြီး ယခုနောက်ပိုင်း အာရှတခွင်တွင် စိတ်ကြွရူးသွပ်ဆေးပြား သုံးစွဲမှုမြင့်တက်လာသဖြင့် စိတ်ကြွဆေးပြား ထုတ်လုပ်ရာနေရာဖြစ်လာသည်။
စိတ်ကြွရူးသွပ်ဆေးပြား၏ အဓိကဈေးကွက်သုံးခုမှာ အရှေ့တောင်အာရှ၊ အရှေ့အာရှနှင့် မြောက်အမေရိကဒေသတို့ဖြစ်ကြောင်း၊ ၂၀၁၄ ခုနှစ်တွင် စိတ်ကြွရူးသွပ်ဆေးတန်ချိန် ၁၇၀ ခန့် စံချိန်တင် ဖမ်းဆီးရမိခဲ့ကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုတိုက်ဖျက်ရေးဆိုင်ရာရုံးမှ နောက်ဆုံးထွက်ရှိသော အစီရင်ခံစာအရ သိရသည်။

Loading...