နိုင်ငံတော်သီချင်း ဖွင့်ချိန်တွင် ထိုင်နေသော ရုပ်ရှင်ပရိသတ်များ ဖမ်းဆီးခံရ



_________________________________________________________

ကျွန်တော်တို့ မထိုင်ရင် နေရာပျောက်သွားမယ်လို့ ထင်လို့ပါ” ဟု အဖမ်းခံရသူ တစ်ဦးက ပြောကြားသည်။
----------------------------------------------------
အိန္ဒိယနိုင်ငံရှိ ရုပ်ရှင်ရုံတစ်ရုံတွင် တနင်္လာနေ့ ညပိုင်းက နိုင်ငံတော်သီချင်း တီးမှုတ်ချိန်တွင် ထိုင်နေသူ ၁၂ ဦးကို အာဏာပိုင်များက ဖမ်းဆီးခဲ့သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

ကာရာလာပြည်နယ် ထရီဗင်ဒရမ်မြို့တွင် ကျင်းပသော နိုင်ငံတကာ ရုပ်ရှင်ပွဲတော်သို့ လာရောက်ကြည့်ရှုသော အဆိုပါ ၁၂ ဦးကို နောက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့သော်လည်း တာဝန်ရှိသူများ ထုတ်ပြန်ထားသော အမိန့်ကို မလိုက်နာမှုဖြင့် တရားစွဲဆိုမည် ဖြစ်သည်။

တနင်္ဂနွေနေ့ကလည်း ချင်နိုင်းမြို့ ရုပ်ရှင်ရုံတစ်ရုံတွင် နိုင်ငံတော်သီချင်း ဖွင့်ချိန်တွင် မတ်တပ်မရပ်သူ ရှစ်ဦးအား နိုင်ငံတော်သီချင်းကို စော်ကားသည့် ပုဒ်မဖြင့် ရဲများက တရားစွဲခဲ့သည်။

ရုပ်ရှင်ရုံများတွင် ဇာတ်ကားမပြမီ နိုင်ငံတော်သီချင်း ဖွင့်ရန်နှင့် ပရိသတ်များ မတ်တပ်ရပ်ကြရန် ယခင်လက အထက်ခုံရုံးက ဆုံးဖြတ်ခဲ့ပြီးနောက် ယခုကဲ့သို့ စော်ကားမှု စွပ်စွဲချက်ဖြင့် ဖမ်းဆီးမှုများ ဆက်တိုက်ထွက်ပေါ်လာခြင်း ဖြစ်သည်။

“ကျွန်တော်တို့ မထိုင်ရင် နေရာပျောက်သွားမယ်လို့ ထင်လို့ပါ” ဟု အဖမ်းခံရသူ တစ်ဦးက ပြောကြားသည်။

အာဏာရ ဟိန္ဒူ BJP ပါတီက ထောက်ခံအားပေးသော အငြင်းပွားဖွယ် ခုံရုံးဆုံးဖြတ်ချက်သည် ထုံးစံအတိုင်း မျိုးချစ်စိတ် နှိုးဆော်ချိန်တွင် ထွက်ပေါ်လာခြင်း ဖြစ်ပြီး ရုပ်ရှင်ကြည့်ပရိသတ်များ ယခုကဲ့သို့ ပစ်မှတ်ထား ခံရခြင်းသည် ပထမဆုံးအကြိမ် မဟုတ်ဟု ဆိုသည်။

ပြီးခဲ့သော သုံးနှစ်ကာလအတွင်း နိုင်ငံတော်သီချင်းကို မတ်တပ်ရပ် အလေးမပြုသော ပရိသတ်များကို ရုပ်ရှင်ရုံအပြင်သို့ ဆွဲထုတ်ကာ တရားစွဲခဲ့သည်။

၁၉၇၁ ဥပဒေတွင် ယင်းပြစ်မှုကို ထောင်ဒဏ် ၃ နှစ်နှင့် ငွေဒဏ်ချမှတ်ရန် သတ်မှတ်ထားသည်။

ခုံရုံးဆုံးဖြတ်ချက်ကို ဝေဖန်သူများက ဥပဒေ ဘောင်ကျော်သည်ဟု ထောက်ပြကြပြီး လွတ်လပ်စွာ ပြောဆိုခွင့်ကို ဖိနှိပ်ခြင်း ဖြစ်သည်ဟု ပြောကြားသည်။

နိုင်ငံရေးသိပ္ပံပညာရှင် ဆူဟားပါရှီကာက ခုံရုံးဆုံးဖြတ်ချက်ကြောင့် နိုင်ငံသားများ ဓားစာခ ဖြစ်ရသည်ဟု ဝေဖန်သည်။

သံတမန်ဟောင်း ဂိုပါခရစ်ရှနာဂန္ဒီက “နိုင်ငံတော်သီချင်းသည် လေးစားရမည့် အချက်ပြမီးပွိုင့် မဟုတ်၊ လိုက်နာရမည့် အခွန်စည်းကမ်း မဟုတ်၊ မတ်တပ်ရပ် အစစ်ဆေးခံရမည့် စုံစမ်းစစ်ဆေးမှုလည်း မဟုတ်” ဟု ထိထိမိမိ ဝေဖန်ရေးသားထားသည်။ ကမ္ဘာတစ်လွှားတွင် နိုင်ငံတော် သီချင်းများသည် မျိုးချစ်စိတ် စစ်ဆေးသည့် ကိစ္စသဖွယ် ဖြစ်နေသည်။

ဂျပန်တွင် ထိုကိစ္စကြောင့် ကျောင်းဆရာများကို သတိပေးချက် ထုတ်ပြန်ခဲ့ပြီး မက္ကဆီကိုတွင်လည်း စာသားမေ့သည့် အမျိုးသမီးတစ်ဦးကို ဒဏ်ငွေချမှတ်ခဲ့သည်။
http://thevoicemyanmar.com/news/4454-ngt
Loading...