၂၀၁၂ ခုနှစ်မှစပြီး မိသားစုပေါင်း ၅၀၀ ကျော်အား သေကွဲခွဲခဲ့သည့် ရန်ကုန် -မန္တလေးအမြန်လမ်းမကြီး

_________________________________________________________

သေမင်းတမန်အမြန်လမ်းဟု သမုတ်ခြင်းခံထားရသော ရန်ကုန် -မန္တလေး အမြန်လမ်းမကြီးသည် ၂၀၁၂ ခုနှစ်မှ ယခုလက်ရှိ အချိန်ထိ မိသားစုပေါင်း ၅၀၀ ကျော်အား သေကွဲခွဲခဲ့ပြီး ဖြစ်သည်။ အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်အရ ၂၀၁၆ ခုနှစ် ဇန်န၀ါရီလမှ နိုဝင်ဘာလအထိ ယာဉ်တိုက်မှုပေါင်း ၆၉၄ ခုရှိခဲ့သည်။ ယင်းအရေအတွက်သည် ၂၀၁၅ ခုနှစ် တနှစ်လုံး၏ အရေအတွက် ၄၅၃ ခုထက် တ၀က်ကျော် များပြားလာခြင်း ဖြစ်သည်။ ၂၀၁၂ ခုနှစ်မှစ၍ ၂၀၁၆ ခုနှစ်အထိ အမြန်လမ်း၏ ယာဉ်မတော်တဆနှင့် လူသေဆုံးမှုနှုန်းထား ဂရပ်မျဉ်းသည်အောက်သို့ တဖြည်းဖြည်းကျရမည့်အစား အရှိန်အဟုန်ဖြင့် ထိုးတက်လျက်ရှိသည်။
”ဖြတ်သန်းယာဉ်စီးရေ ကွာခြားမှုကြောင့်ပါ။ ၂၀၁၅ ခုနှစ်မှာတုန်းက တနေ့ကို ဖြတ်သန်းအစီးရေသည် ၁၈၀၀၀ နဲ့ ၂၀၀၀၀ ကြားပဲရှိပါတယ်။ ၂၀၁၆ ခုနှစ်မှာ က ၂၄၀၀၀ နဲ့ ၂၈၀၀၀ ကြားမှာရှိနေပါတယ်။ ယာဉ်ဖြတ်သန်း စီးရေများလာတာနဲ့အမျှ ယာဉ်မတော်တဆမှုဟာ အနည်းငယ်များပြားလာတာ ဖြစ်ပါတယ်”ဟု အမြန် လမ်းမကြီးရဲတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။ ဖြတ်သန်းယာဉ်စီးရေများလာလေလေ ယာဉ်မတော် တဆမှုများလည်း များလာလေလေ ဖြစ်လာနိုင်သည့် အနေအထားတွင်ရှိလျက်ရှိသည်။ သို့ဖြစ်၍ ယာဉ် မတော်တဆမှုများ လျော့နည်းစေလိုပါက ဖြတ်သန်းယာဉ်အစီးရေ လျှော့ချဖြတ်သန်းစေခြင်းသည် ပြဿနာဖြေရှင်းနည်းတခု ဖြစ်ပေလိမ့်မည်။
ယေဘုယျအားဖြင့် ယာဉ်မတော်တဆဖြစ်ခြင်းသည် လမ်းယာဉ်၊ ယာဉ်မောင်းသုံးဦးသုံးဖလှယ်တွင် အနည်းဆုံး တဦး၏ လိုအပ်ချက်ကြောင့် ဖြစ်သည်။ အမြန်လမ်းရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ ယာဉ်မောင်း(လူကြောင့်) ဖြစ်ပွားမှုသည် ၂၀၁၆ တွင် ၅၀၁ မှု၊ ယာဉ်ကြောင့် ဖြစ်ပွားမှုသည် ၁၇၄ မှု အများဆုံးဖြစ်နေပြီး လမ်းကြောင့် ဖြစ်ပွားမှုသည် ၁၉ မှုသာရှိနေသည်။ ယာဉ်မတော်တဆမှုပေါင်း ၆၉၄ ခု ဖြစ်ခဲ့သည့်အနက် အဓိကတရားခံ သည် ယာဉ်မောင်းများဖြစ်နေသည်ကို ရဲတပ်ဖွဲ့ဝင်၏စာရင်းဇယားအရ တွေ့ရှိရသည်။ ပြင်ပ ပညာရှင်များ၏ အဆိုရအမြန်လမ်းတွင် ဖြစ်ပွားသော ယာဉ်တိုက်မှုအများစုသည် ဖြစ်ပွားလေ့ရှိသော နေရာများတွင် အဖြစ်များကြောင်း သိရသည်။ ”တကယ်တမ်းက မတော်တဆမှုဆိုတာက ကြိုတင်ကာကွယ်လို့ရတဲ့ကိစ္စပါ။ သူ့သဘောသဘာဝကိုက ဖြစ်နေကျနေရာမှာပဲ ဖြစ်တာပါ။ ဖြစ်နေကျနေရာဆိုတာ လမ်းပေါ်မှာ ကျောက်ခဲရှိရင် မဖယ်မချင်း ခလုတ်တိုက်မိတယ်။ လမ်းအကွေ့က စောင့်နေမယ်။ အဆင်းလည်း ဖြစ်မယ်ဆို အရှိန်မထိန်း နိုင်တာ ဖြစ်နေကျဖြစ်မယ်။ ဒါတွေကို လေ့လာပြီး Research paper တွေကို ပြန်သုံးသပ်ပြီး အဲဒီကိစ္စကို ဦးတည်ကာကွယ်ရမှာပါ”ဟု စာရေးဆရာ သက္ကမိုးညိုက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာပေါ်တွင် ရေးသား ထားသော အကြံပြုချက်အားတွေ့ရှိပါသည်။ မိုင်တိုင် ၉၁-၁၄၈ နှင့် ၁၇၃ နှင့် ၁၇၅ အကြားတို့တွင် ယာဉ်မတော်တဆမှု အများဆုံးဖြစ်နေကြောင်း သိရသည်။
အမြန်လမ်းယာဉ်မတော်တဆ နောက်ဆုံးဖြစ်စဉ်အဖြစ် ဒီဇင်ဘာ ၂၂ ရက် တွင် မိုင်တိုင် ၉၁ ၌ ဖြစ်ပွားခဲ့သော မန္တလာမင်းခရီးသည်တင်ယာဉ်တွင် ခရီးသည် ခုနစ်ဦးသေဆုံး၍ ၃၉ ဦး ဒဏ်ရာ ရရှိခဲ့သည်။ အမြန်လမ်း ယာဉ်မတော်တဆ ဖြစ်စဉ်များသည် သတင်းစာမျက်နှာအထက်တွင် မကြာခဏပါလျက်ရှိရာ မြန်မာပြည်သူ များအဖို့ အဆန်းအကြယ် စိတ်ဝင်စားမှုပင် မရှိကြတော့ပေ။ ထိုအနေအထားတရပ်သည် အလွန်စိုးရိမ်ဖွယ် အနေအထားတခုဖြစ်သည်။ အစိုးရသစ်၏ ရက်တရာစီမံကိန်းတွင် နိုင်လွန်ကတ္တရာခင်းခြင်းများ ပါဝင်ခဲ့သော် လည်း မိုင် ၂၀ သာ ခွင့်ပြုခဲ့ရာ ယခုအချိန်ထိ ထိုမိုင် ၂၀ ပင် ခင်း၍ မပြီးသေးကြောင်း အမြန်လမ်း နိုင်လွန် ကတ္တရာခင်းခြင်း တာဝန်ခံညွှန်မှူးဦးကျော်နိုင်ထံမှ သိရသည်။
အမြန်လမ်း ယာဉ်မတော်တဆမှုများအပေါ်တွင် အစိုးရအနေနှင့် ကျွမ်းကျင်ပညာရှင်များနှင့် အဖြေရှာသင့်နေပြီဖြစ်ရာ အစိုးရမှ တာဝန်ယူမဖြေရှင်းပေးသေး သရွေ့အသက်ပိုင်ရှင် ကာယကံရှင်ယာဉ် မောင်းများမှသာ ကိုယ့်အသက်ကိုယ် ဂရုစိုက်ရင်း ခရီးသည်ပြည်သူများ၏ အသက်ကို ဂရုစိုက်ပေးမှသာလျှင် အမြန်လမ်းယာဉ်မတော်တဆများအား လတ်တလော လျှော့ချနိုင်ပေလိမ့်မည်။
လတ်
Credit:News Watchd
Loading...