စမ်းချောင်းက ငွေလဲကောင်တာမှာဖြစ်ပွားတဲ့ လုယက်မှု တရားခံတွေကို ဖမ်းဆီးရမိနိုင်ရေး ရသမျှအထောက်အထားတွေ စုဆောင်းနေတယ်လို့ ရဲအရာရှိပြော

_________________________________________________________

ရန်ကုန်တိုင်းဒေသကြီး ၊ စမ်းချောင်းမြို့နယ် ၊ ရှမ်းကုန်းလမ်းရှိ M.S Group Money Changer ငွေလဲကောင်တာ မှာ ဒီကနေ့ နေ့လည် (၁) နာရီခွဲ ခန့်က လုယက်မှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ လူ (၂) ဦး အထုပ်နှစ်ထုပ်နဲ့ ဆိုင်ထဲကထွက်လာပြီး Taxi ပေါ်တက်တယ်။ Taxi သမားက အော်တဲ့အတွက် ထွက်ပြေးသွားတယ်လို့ ငွေလဲကောင်တာရှိတဲ့တိုက်ရဲ့ ဘေးချင်းကပ်တိုက်က ကိုချစ်ကိုက ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စမ်းချောင်းမြို့နယ် ရဲစခန်းက အမှုဖွင့်လှစ်ကာ စုံစမ်းဆောင်ရွက်နေပြီး ဓားပြမှုမဟုတ်ပဲ လုယက်မှုသာ ဖြစ်တယ်လို့ ရဲစခန်း တာဝန်ရှိသူတစ်ဦးက 5plus ကို အတည်ပြုပါတယ်။ အမည်မသိ လူ (၂) ဦးက ငွေလဲသူ ဟန်ဆောင်ကာ ၀င်လာပြီး လုယက်သွားတာဖြစ်တယ်လို့လည်း ရဲအရာရှိက ပြောပါတယ်။ လက်ရှိမှာ ရသမျှအထောက်အထားကို စုဆောင်းနေပြီး တရားခံဖမ်းဆီးရမိရေးဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။ သေနတ် (၃) ချက်ပစ်ဖောက်တာကိုလည်း ကြားရပြီး ဆိုင်ထဲမှာ တစ်ချက် ၊ အပြင်မှာ (၂) ချက် ပစ်ဖောက်တယ်လို့ ဘေးချင်းကပ်တိုက်က ကိုချစ်ကိုကပြောပါတယ်။ ငွေလဲကောင်တာထဲမှာ အမျိုးသမီး (၁)ဦးနဲ့ အမျိုးသား (၁) ဦးရှိပြီး အမျိုးသား (၁) ဦးကို လေးဘက်ထောက်အနေအထားနဲ့ တွေ့ရတယ်လို့ အခင်းဖြစ်စဉ်နဲ့ပတ်သက်ပြီး ကိုချစ်ကိုကပြောပြပါတယ်။
သတင်းထောက် - မျိုးမင်း (5 PLUS NEWS)
Loading...