Breaking News


လုံခြုံရေး ဆောင်ရွက်ရန် သွားသည့်ရဲကား ယာဉ်တိုက်မှုဖြစ်၊ ရဲတပ်ကြပ် တစ်ဦးသေဆုံး


Loading...

မန္တလေးမြို့တော်တွင် ညပိုင်းလုံခြုံရေး တာဝန် ထမ်းဆောင်ရန် တာဝန်ကျနေရာသို့ သွားသည့် ကားတစ်စီးနှင့် ဟိုင်းလပ်ကား တစ်စီးတို့ ယာဉ်တိုက်မှု ဖြစ်ကာ ရဲတပ်ကြပ် တစ်ဦး ဒီဇင်ဘာ ၉ ရက် ညပိုင်းက သေဆုံးသွားခဲ့ကြောင်း ခရိုင်ရဲတပ်ဖွဲ့ထံမှ သိရသည်။

လုံခြုံရေး တာဝန်ကျရာ အောင်မြေသာစံမြို့နယ်သို့ တောင်မှမြောက်သို့ မောင်းနှင်လာသည့် တိုင်းအကူ တပ်ခွဲမှ ရဲတပ်ဖွဲ့ဝင်များ လိုက်ပါသည့် ဖောကားနှင့် ဟိုင်းလပ်ကားတို့ ချမ်းအေးသာစံမြို့နယ် ၆၈ လမ်းနှင့် ၂၈ လမ်းထောင့်တွင် ဒီဇင်ဘာ ၉ ရက် ညနေ ၇ နာရီခန့်က မျက်နှာချင်းဆိုင် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး စိန်ထွန်းက ပြောဆိုသည်။

“တိုင်းအကူ ရဲတပ်ခွဲက တပ်ဖွဲ့ဝင်တွေ ပါတဲ့ကားနဲ့ ဟိုင်းလပ်ကား မျက်နှာချင်းဆိုင် တိုက်မိကြတာပါ။ ဘယ်သူမှားလဲ မှန်လဲဆိုတာ မသိသေးတဲ့အတွက် ယာဉ်မောင်း နှစ်ယောက်လုံးကိုပဲ အမှုဖွင့်ထားပါတယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် အသက် ၄၈ နှစ်အရွယ်ရှိသည့် ရဲတပ်ကြပ် သိန်းသန်းထွန်း သေဆုံးသွားခဲ့ပြီး ယာဉ်ပေါ်ပါ တပ်ဖွဲ့ဝင် ခြောက်ဦးလည်း ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ တစ်ဖက်ယာဉ်မှ ယာဉ်မောင်းဖြစ်သူ ဦးသစ်လွင်သည်လည်း နံရိုးအောင့်သည့်ဒဏ်ရာ ရရှိခဲ့သည့်အတွက် မန္တလေး ပြည်သူ့ဆေးရုံကြီးတွင် တင်ပို့ကုသလျက် ရှိကြောင်း ခရိုင်ရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်ပြီး ယာဉ်မောင်းများ ဖြစ်ကြသည့် ရဲတပ်သား ဇေယျာထွန်းနှင့် ဦးသစ်လွင်တို့အား ချမ်းအေးသာစံမြို့နယ် ရဲစခန်းတွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၇၉၊ ၃၃၇၊ ၃၃၈၊ ၃၀၄(က) တို့ဖြင့် အမှုဖွင့်ထားကြောင်း အဆိုပါ ရဲတပ်ဖွဲ့ထံမှ သိရသည်။
Loading...