Breaking News


မုံးကိုးရဲစခန်းမှူးအပါဝင် ရဲတပ်ဖွဲ့ဝင် ၉ ဦး အလောင်းများ ရှာဖွေတွေ့ရှိ


Loading...


မြန်မာ-တရုတ်နယ်စပ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုးမြို့ကို အစိုးရတပ်မတော်က ထိန်းချုပ်နိုင်ပြီး နောက်ပိုင်း မြို့အတွင်းရှင်းလင်းရေးလုပ်ရာမှာ ဒီဇင်ဘာ ၆ ရက်နေ့က မုံးကိုးရဲစခန်းမှူး အပါအ၀င် ရဲအရာရှိ ၂ ဦးနဲ့ ရဲတပ်ဖွဲ့ဝင် ၇ ဦးရဲ့ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ရဲအရာရှိ ၁ ဦးက ဒီဗွီဘီကို အတည်ပြုပြောကြားပါတယ်။
ဒါ့အပြင် မုံးကုံးရဲစခန်မှူးနေအိမ်အတွင်းမှာ ရဲတပ်ဖွဲ့ဝင်ဇနီးတဦးရဲ့ ရုပ်အလောင်းနဲ့ အမည်မသိ အရပ်သားဦးရဲ့ ရုပ်အလောင်းကိုလည်း ထပ်မံတွေ့ရှိတယ်လို့ ဆိုပါတယ်။
မုံးကိုးရဲစခန်းမှာ ရဲအင်အား ၁၆ ဦးရှိရာမှာ ၄ ဦးကို အသက်ရှင်လျက်ပြန်ရှာတွေ့ပြီး ၃ ဦး ပျောက်ဆုံးနေကာ ၉ ဦး ကျဆုံးခဲ့ပါတယ်။
မုံးကိုးရဲတပ်ဖွဲ့စခန်းက ရဲတပ်ဖွဲ့ဝင် ၁၆ ဦးရှိရာမှာ အိမ်ထောင်သည်ရဲဝန်ထမ်း ၁၃ ဦးရှိပါတယ်။ အဲဒီအိမ်ထောင်သည် ရဲဝန်ထမ်း ၁၃ ဦးကို မှီခိုနေသူ ၅၂ ဦးရှိပါတယ်။ အဲဒီမှီခိုနေသူတွေကို စေတနာရှင် ပြည်သူတွေနဲ့ ရဲမိသားစုဝင်တွေက ၀ိုင်းဝန်းထောက်ပံ့ထားပါတယ်။
နိုဝင်ဘာ ၂၀ ရက်နေ့က မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေနဲ့ အစိုးရတပ်မတော်တို့ မုံးကိုးမြို့အတွင်း တိုက်ပွဲတွေကြောင့် ရဲတပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားပြည်သူတွေ သေဆုံးခဲ့ရတာဖြစ်ပါတယ်။
မြန်မာ-တရုတ်နယ်စပ်မြို့နယ်တွေဖြစ်တဲ့ မူဆယ်၊ ကြူကုတ်(ပန်ဆိုင်း)၊ မုံးကိုး၊ ဖောင်းဆိုင် မြို့နယ်တွေမှာ ပြီးခဲ့တဲ့ နိုဝင်ဘာက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် မြန်မာစစ်ဘေးရှောင် ၃၀၀၀၀ ကျော် တရုတ်နိုင်ငံဖက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
Loading...