ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်၌ ယာဉ်နှစ်စီးတိုက်၊ သုံးဦး သေဆုံး



_________________________________________________________

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ကျွန်းကုန်းကျေးရွာ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ ရထားသံလမ်းကူး နေရာအနီး ယနေ့ (ဒီဇင်ဘာ ၆ ရက်) နံနက် ၅ နာရီ ၅၀ ခန့်က ကုန်တင်ယာဉ်နှင့် မျက်နှာချင်းဆိုင် မောင်းနှင်လာသော ဟွန်ဒါဖစ် ကိုယ်ပိုင်ယာဉ်တို့ ဝင်တိုက်ရာ ကိုယ်ပိုင်ယာဉ်ပေါ် လိုက်ပါလာသူ သုံးဦး သေဆုံးခဲ့ကြောင်း တောင်ငူခရိုင် ရဲတပ်ဖွဲ့ မှူးရုံးမှ သိရှိရသည်။

အမျိုးသားတစ်ဦး မောင်းလာသော ၁၂ ဘီး ကုန်တင်ယာဉ်က နွားလှည်းကို ကျော်တက်ရာမှ ကုန်တင်ယာဉ်နှင့် နွားလှည်း ချိတ်မိပြီးနောက် မျက်နှာချင်းဆိုင်တွင် လူလေးဦး တင်ဆောင်ကာ မောင်းလာသော ဟွန်ဒါဖစ် ကိုယ်ပိုင်ယာဉ်ကို ထပ်မံဝင်တိုက်ရာ လမ်းဘေးထိုးကျ တိမ်းမှောက်ခဲ့ကြောင်း၊ ယာဉ်တိုက်မှုကြောင့် အသက် ၆၄ နှစ်ရှိ ဦးခင်မောင်အေး(ခ)စံဖဲ၊ အသက် ၆၂ နှစ်အရွယ် ဇနီးဒေါ်စိန်မြင့် အပါအဝင် အမျိုးသားတစ်ဦး သေဆုံးခဲ့သဖြင့် တိမ်းရှောင်နေသော ကုန်တင်ယာဉ်မောင်းကို ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈ဖြင့် အမှုဖွင့်ထားကြောင်း ကျွန်းကုန်းနယ်မြေ ရဲစခန်းမှ ဒုရဲအုပ်သန်းထွန်းက ပြောကြားသည်။ 

“သေသွားတဲ့ လင်မယားက မြို့သစ်က ခြံကို သွားရှင်းမယ်ဆိုပြီး အဖော်နှစ်ယောက်နဲ့ ကားပေါ်မှာ မြက်ရိတ်စက်လိုမျိုး စက်တွေ တင်ပြီးသွားတုန်း ဖြစ်တာ၊ ဒဏ်ရာရတဲ့ တစ်ယောက်ကလည်း စိုးရိမ်ရတယ်” ဟု သေဆုံးသူ မိသားစုဝင်များနှင့် ရင်းနှီးသူ တောင်ငူမြို့ခံ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။