တဖုဿနှင့် ဘလ္လိကတို့နှင့်ပတ်သက်၍ လူမှုကွန်ရက်တွင် အငြင်းပွားခြင်းများကို သီတဂူကပ္ပိယ ဦးကျော်ရှိန် မေတ္တာရပ်ခံ

_________________________________________________________

ဒီဇင်ဘာ ၅ ရက်က သီတဂူဆရာတော်ဒေါက်တာရှင်ဥာဏိဿရသည် သိမ်ဇရပ်မြို့နယ်၌ တရားဟောကြားခဲ့ရာ၊ တဖုဿနှင့်ဘလ္လိကတို့နှစ်ဦးမှာ ဗမာဟု ထည့်သွင်းဟောကြားခဲ့ပါသည်။ ထိုကဲ့သို့ ထည့်သွင်းဟောကြားခဲ့ခြင်းနှင့်ပတ်သက်ပြီး လူမှုကွန်ရက်တွင်တဖုဿနှင့်ဘလ္လိကတို့မှာ မွန်လူမျိုးများဖြစ် ကြောင်း ပြန်လည်ပြောကြားခြင်းများရှိခဲ့ပါသည်။ ဟင်္သာမီဒီယာနှင့် မွန်သမိုင်းသုတေသနဌာနမှ တွဲဖက်အတွင်းရေးမှူးနိုင်ရဲဇော်တို့ တွေ့ဆုံခဲ့ရာတွင် နိုင်ရဲဇော်က ''ဆရာတော်က တောင်ပေါက်ကျောင်း ဆရာတော်ရေးတဲ့စာအုပ်ဖတ်ကြည့်ကွတဲ့။ နောက်ဆုံးတော့ တဖုဿနဲ့ ဘလ္လိကက မွန်ဆိုတာ ဘာအထောက် အထားပြနိုင်လဲလို့မေးတယ်။ အဲဒီတော့ ကျွန်တော်က ရှိပါတယ်။ ဆရာကြီးပါရဂူရဲ့ လေးဆူဓာတ်ပု ရွှေတိဂုံ ဆိုတဲ့စာအုပ် အဲဒါကို ဆရာတော်က ဖတ်ပြခိုင်းတယ်။ ကျွန်တော်က ဖတ်ပြလိုက်တယ်။ ဆရာတော်ကျွန်တွေ ရှိလားလို့မေးတယ်။ ရှိပါတယ်လို့ အဲဒါဆိုရင်လည်း မွန်ဆိုလည်း မွန်ပေါ့ကွာတဲ့ ဆရာတော်က ပြောတယ်။ နှစ်ကြိမ်တောင်ပြောတယ်''ဟု ပြောကြားခဲ့သည်။
တဖုဿနှင့် ဘလ္လိကညီနောင်နှစ်ဦးမှာ ဗမာမဟုတ် မွန်ဖြစ်သည်ဆိုသော စကားသံများလူမှုကွန်ရက်တွင် ကျယ်ပြန့်လာခြင်းနှင့်ပတ်သက်ပြီး သီတဂူဆရာတော်ကြီး၏ ကပ္ပိယဦးကျော်ရှိန်က ''ဖေ့ဘွတ်ခ်မှာ ပြောဆိုနေတဲ့ အသံများကြောင့် ရင်တွင်းမချိအောင် ခံစားနေရပါတယ်။ ရောဟဏီမြစ်ကမ်းနှစ်ဖက်က ကောလိယနဲ့ သာကီယ များဆွေမျိုးအချင်းချင်း ဆဲသလို ဖြစ်နေကြပါတယ်။ မွန်လည်း မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာ၊ ဗမာလည်း မြန်မာ နိုင်ငံသား ဗုဒ္ဓဘာသာ၊ ဗုဒ္ဓဘာသာအချင်းချင်း ဆဲရေးတိုင်းထွာတာဟာ အလွန်ရုပ်ဆိုးလှပါတယ်။ ဗမာ - မွန်၊ မွန် - ဗမာ တိုင်းရင်းသားအချင်းချင်း ဘာဖြစ်လို့ မခံယူနိုင်ကြတာလဲ၊ အချင်းချင်းမညီညွတ်ရင် ငုံးအကောင် ပေါင်းတသောင်း ညီညွတ်ခြင်းကြောင့် မုဆိုးလက်က လွတ်ရသလို မညီညွတ်ခြင်းကြောင့် မုဆိုးလက်တွင်း သေဆုံးရသလို ကျွန်တော်တို့ ဗုဒ္ဓဘာသာနိုင်ငံတော်ကြီးလည်း ပျောက်ဆုံးသွားပါလိမ့်မယ်။ ဆရာတော် ဘုရားဟောကြားတဲ့ တရားတော်တွေကို နားကျယ်ကျယ်ထားပြီး နာကြားစေချင်ပါတယ်။ စကားကျယ်တော့ နားငယ်မှာ မဆံ့သလို ဥသျှစ်သီးကြွေကျတာကို မြေပြိုတယ်လို့အထင်နဲ့ပြေးတဲ့ ယုန်သငယ်လိုဖြစ်နေ ကြပါတယ်”ဟု ပြောကြားသည်။
ဆက်လက်ပြီး ဦးကျော်ရှိန်က ''လူမျိုးစွဲများ ပြင်းထန်နေကြလို့ ယနေ့ကမ္ဘာမှာ စစ်တွေဖြစ်နေကြတယ်။ ဗမာဆိုတာနဲ့ မွန်၊ ကရင်၊ ချင်း၊ ရှမ်း၊ ရခိုင် အားလုံးအကျုံးဝင်သွားပါတယ်။ အပေါ်ယံပညတ်ကို မကြည့်ဘဲ ပရမတ်ကို မြင်အောင်ကြည့်ကြပါ'' ဟု ပြောကြားသည်။
ဆရာတော်ကြီးသည် တရားဟောကြားရာတွင် တရားတော်တိုင်း၌ ဗမာ၊ ဗမာဟု ရည်ညွှန်းဟောကြားခြင်းမှာ မြန်မာနိုင်ငံသားအားလုံးဖြစ်သည့် တိုင်းရင်းသားအားလုံးကို ရည်ညွှန်းပြောဆိုလေ့ရှိပါသည်။
(မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ ငြိမ်းချမ်းညီညွတ်စွာဖြင့် အတူယှဉ်တွဲ နေထိုင်နိုင်ကြပါစေ)
News Watch

Loading...