Breaking News

မြောက်ဒဂုံ တန်ဖိုးနည်းအိမ်ရာအနီး G & G မီနီမတ်ကို လူငယ်ငါးဦးက ဓားပြ ခြိမ်းခြောက် လုယက်


Loading...


ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ (၄၇) ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ G & G စတိုးဆိုင်တစ်ခုတွင် နိုဝင်ဘာလ ၁၂ ရက် နံနက် ၁ နာရီ၌ အမည်မသိ လူငယ်ငါးဦးက အရောင်းဝန်ထမ်း အမျိုးသားကို ဓားပြခြိမ်းခြောက်ပြီး ဆိုင်အတွင်းရှိ ငွေနှင့် ဖုန်းငွေဖြည့်ကတ်များကို လုယက်ခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

ယင်းလုယက်မှု ကျူးလွန်သည့် လူငယ်ငါးဦးမှာ ၂၄ နာရီ ဖွင့်လှစ်ထားသည့် အဆိုပါ စတိုးဆိုင်ထဲ ဝင်ရောက်လာပြီး အသက် ၁၉ နှစ်အရွယ် ဆိုင်အရောင်း ဝန်ထမ်းအမျိုးသားကို ဓားထုတ်ပြ၍ မအော်နဲ့ဟု ခြိမ်းခြောက်ပြောဆိုကာ စတိုခန်းအတွင်း ဝင်နေခိုင်းခဲ့ကြောင်း၊ ယင်းနောက် ၎င်းတို့အဖွဲ့က ဈေးရောင်းရ ငွေကျပ်လေးသိန်းကျော်နှင့် ဖုန်းငွေဖြည့်ကတ်မျိုးစုံ၊ စီးကရက်ဘူးနှင့် ဖျော်ရည်မျိုးစုံတို့ကို ယူဆောင်သွားခဲ့ကြောင်း အမှုဖွင့် တိုင်ကြားချက်များအရ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“၂၄ နာရီဖွင့်တဲ့ စတိုးဆိုင်မှာ အရောင်းဝန်ထမ်း အမျိုးသား တစ်ယောက်တည်း ရှိနေချိန် ဈေးဝယ်သူ အယောင်ဆောင် ဝင်လာပြီး ဓားပြ ခြိမ်းခြောက် လုယက်သွားတာပါ၊ ဆိုင်မှာရှိတဲ့ CCTV မှတ်တမ်းတွေကနေ လုယက်မှု ကျူးလွန်သူတွေရဲ့ ပုံတွေရထားတယ်၊ လတ်တလော မဖမ်းမိသေးဘူး၊ စုံစမ်းနေဆဲပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါ စတိုးဆိုင်အတွင်း ဝင်ရောက်ပြီး ဓားပြ ခြိမ်းခြောက်လုယက်ခဲ့သော အမည်မသိ လူငယ်ငါးဦးကို ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့မရဲစခန်းက (ပ) ၁၉၂၃/ ၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၈၆ ဖြင့် အမှုဖွင့် စုံစမ်းဆောင်ရွက်နေကြောင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

   http://thevoicemyanmar.com/latest-news/3571-gng
Loading...