၈ နှစ်အရွယ်ကလေးအား ကိုက်သတ်သည့် ကျားသစ်ကို မီးရှို့သတ် (ရုပ်သံ)


_________________________________________________________

အိန္ဒိယနိုင်ငံ ဂူဂျာရက်တ်ပြည်နယ် ဗာဒီဂမ်မ်ရွာမှာ နိုဝင်ဘာလ ၂ ရက်နေ့က အသက် ၈ နှစ်အရွယ် နီကီတာ ဆိုတဲ့ မိန်းကလေး လယ်တောကို သွားစဉ် ကျားသစ်တကောင်ရဲ့ ကိုက်သတ်တာ ခံလိုက်ရပါတယ်။
ကလေးမကို ကျားသစ်ကိုက်သတ်ပြီး နာရီအတော်ကြာမှာတော့ ဒေါသ အကြီးအကျယ်ထွက်နေတဲ့ ရွာသားတစုက အဲဒီကျားသစ်ကို ထောင်ချောက်ဆင်ဖမ်း လှောင်အိမ်ထဲ ထည့်ပြီး မီးရှို့သတ်လိုက်ကြပါတယ်။
ကလေးမလေး ကျားသစ်ကိုက်သတ်ခံရပြီးတဲ့နောက် သစ်တောဝန်ထမ်းတွေက ကျားသစ်တွေကို နာရီအတော်ကြာ ထောင်ချောက်ဆင်ဖမ်းခဲ့ပါတယ်လို့ သစ်တောရဲ့ အရာရှိတဦးဖြစ်သူ ဂက်ဒ်ဗီက ဘီဘီစီ သတင်းထောက်ကို ပြောခဲ့ပါတယ်။
“ရွာအနီးအနားမှာ ကျနော်တို့ ထောင်ချောက် ၇ ခု ထောင်လိုက်ပြီး ကျားသစ်တွေကို ဖမ်းခဲ့ပါတယ်။ ဒါပေမယ့် ဒေါသထွက်နေတဲ့ ရွာသားတွေက ဓာတ်ဆီဘူးတွေနဲ့ ရောက်လာပြီး အထဲမှာ ကျားသစ်တွေရှိနေတဲ့ ထောင်ချောက်တွေကို မီးရှို့ပါတယ်။ ဒါနဲ့ပဲ ကျနော်တို့လည်း ကျားသစ်တွေကို မောင်းထုတ်ခဲ့ရတာပေါ့” လို့ သူက ဆိုပါတယ်။
ဒီနှစ်တွေထဲမှာ အိန္ဒိယနိုင်ငံအတွင်း လူတွေနဲ့ တိရစ္ဆာန်တွေကြား ပဋိပက္ခတွေ အများအပြား ဖြစ်ခဲ့ပါတယ်။
ဒီနှစ် ဇူလိုင်လတုန်းကလည်း ဂူဂျာရက်ပြည်နယ်ရဲ့ရော့ဂ်ျမယ်ရွာမှာ အမျိုးသားတစုဟာ ကျားသစ်တကောင်ကို တုတ်တွေ၊ ကျောက်ခဲတွေနဲ့ သတ်ခဲ့ပါသေးတယ်။
ဂူဂျာရက်ပြည်နယ်ဟာ ကျားသစ် ၁၃၉၅ ကောင် ရှိနေလို့ တိုင်းပြည်ရဲ့ ဒုတိယကျားသစ်အကောင်ရေ အများဆုံးမြို့တမြို့ ဖြစ်နေတာပါ။ အဲဒီထဲက ကျားသစ်ကောင်ရေ ၃ ပုံ ၁ ပုံကျော်ကျော်ဟာ လူတွေနဲ့ နီးတဲ့နေရာတွေမှာ နေထိုင်နေကြတာပါ။
ပြီးခဲ့တဲ့နှစ်က ကျားသစ်ကိုက်ခံခဲ့ရလို့ လယ်လုပ်သား ၁ ဒါဇင်ကျော် သေဆုံးခဲ့ပြီး ၁၀၀ ကျော်ကတော့ ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
ဂူဂျာရက်ပြည်နယ်ထဲက ရွာအများစုက ကျားသစ်တွေကို မောင်းထုတ်နိုင်ဖို့ မီးတွေ ဖိုထားပြီး လယ်ထဲမှာ အလုပ်လုပ်ကြရတာလို့ သိရပါတယ်။

ဒီနှစ် ဖေဖော်ဝါရီလထဲမှာလည်း အိန္ဒိယမြို့တမြို့ဖြစ်တဲ့ ဘန်ဂလိုရီမြို့က ကျောင်းတကျောင်းထဲကို ကျားသစ်အမ ၁ ကောင် ဝင်ရောက်ခဲ့လို့ အဲဒီကျားသစ်ကို ဖမ်းဆီးရာမှာ လူ ၆ ဦး ဒဏ်ရာ ရခဲ့ပါသေးတယ်။
http://burmese.dvb.no/archives/174832

၈ နှစ်အရွယ်ကလေးအား ကိုက်သတ်သည့် ကျားသစ်ကို မီးရ... by dvburma