Breaking News


မြန်မာသံရုံးကို ဗုံးခွဲရန်ကြံစည်သူ အင်ဒိုနီးရှားမှာ ဖမ်းမိ


Loading...


အင်ဒိုနီးရှားနိုင်ငံမှာ ရဲတပ်ဖွဲ့က စစ်သွေးကြွအဖြစ် သံသယရှိသူတစ်ဦးကို ဗုံးပြုလုပ်တဲ့ ဖောက်ခွဲရေးပစ္စည်း အများအပြားနဲ့အတူ ဖမ်းဆီးရမိခဲ့ရာ ၎င်းဟာ ဂျကာတာမြို့ရှိ အစိုးရအဆောက်အအုံတွေနဲ့ မြန်မာနိုင်ငံသံရုံးကို တိုက်ခိုက်ရန်စီစဉ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။
ရီယိုပရီရတ်နာ ဝီဘာဝါ အမည်ရှိ အသက် ၂၃ နှစ်အရွယ် သံသယရှိသူကို အနောက်ဂျာဗားရှိ မာဂျလင်ကာဒေသမှာ ယခုသီတင်းပတ် အစောပိုင်းက နေအိမ်မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး ၎င်းဟာ အိုင်အက်စ်အကြမ်းဖက်အဖွဲ့ကို အားပေးထောက်ခံတဲ့ အင်ဒိုနီးရှား အုပ်စုတစ်ခုမှဖြစ်ကြောင်း သိရပါတယ်။
ဒေသခံသတင်းတွေရဲ့ဖော်ပြမှုအရ သိမ်းဆည်းရမိတဲ့ ဖောက်ခွဲရေးပစ္စည်းတွေဟာ ၂၀၀၂ ခုနှစ် ဘာလီကျွန်းနိုက်ကလပ်မှာ လူ ၂၀၂ ဦး သေဆုံးခဲ့တဲ့ ဗုံးပေါက်ကွဲမှုထက် နှစ်ဆပိုမိုပြင်းထန်တဲ့ ဗုံးပြုလုပ်နိုင်တယ်လို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သူရဲ့ နေအိမ်မှာ ဖောက်ခွဲရေးပစ္စည်းများအပြင် စာအုပ်အချို့၊ အနက်ရောင်အလံ၊ ကျည်ဆန်များ၊ လေသေနတ်နဲ့ ဓားတစ်လက် အပါအဝင် လက်နက်အချို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် ဘွိုင်းရက်ဖ်လီအမာက နိုဝင်ဘာ ၂၆ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။
အင်ဒိုနီးရှားရဲတပ်ဖွဲ့က ဖမ်းဆီးရမိသူဟာ အကြမ်းဖက်တိုက်ခိုက်ရန် မည်သို့စီစဉ်ခဲ့ကြောင်း၊ တစ်ဦးတည်း လုပ်ဆောင်ခဲ့ခြင်းဟုတ် မဟုတ်နဲ့ ဖောက်ခွဲရေးပစ္စည်း အများအပြား ဝယ်ယူနိုင်ရန် ငွေရရှိခဲ့မှုတို့ကို စစ်ဆေးနေကြောင်း သိရပါတယ်။
ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တဲ့ ဝီဘာဝါဟာ စိုက်ပျိုးရေးသိပ္ပံဘာသာရပ်ဖြင့် တက္ကသိုလ်ဘွဲ့ရဖြစ်ပြီး အလုပ်အကိုင် မရှိသူတစ်ဦး ဖြစ်ပါတယ်။ ၎င်းဟာ ဗုံးပြုလုပ်နည်းများကို ကိုယ်တိုင်လေ့လာ သင်ယူခဲ့သူဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံတစ်ဝန်းရှိ နေရာများသို့ ဗုံးများပေးပို့ရန် စီစဉ်ခဲ့တယ်လို့လည်း ဆိုပါတယ်။
အင်ဒိုနီးရှားမှာ ယခုနှစ်အတွင်း အိုင်အက်စ်အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွယ်တဲ့ တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ခဲ့ပါတယ်။ ယခုနှစ် ဇန်နဝါရီလအတွင်းက ဂျကာတာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုမှာ အကြီးမားဆုံးဖြစ်ခဲ့ပြီး လူလေးဦး သေဆုံးခဲ့ပါတယ်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မောင်တောဒေသမှာ ဖြစ်ပွားနေတဲ့ ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ မြန်မာသံရုံးမှာ နိုဝင်ဘာ ၂၅ ရက်က ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။ အင်ဒိုနီးရှားအပြင် ထိုင်းနဲ့ မလေးရှားရှိ မြန်မာသံရုံးတွေမှာလည်း ထိုနေ့က ဆန္ဒပြခဲ့ကြောင်း သိရပါတယ်။
Source & Photo: Reuters
Duwun
Loading...