Breaking News


မိုဘိုင်းလ်ဖုန်းမှ တစ်ဆင့် ညစ်ညမ်းဇာတ်ကားကြည့်တဲ့ ၁၀ နှစ်သားက လေးနှစ်သမီးကို အဓမ္မကျင့်


Loading...


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် ရွှေမြင်တင် ကျေးရွာအုပ်စု ရွာသာယာကျေးရွာတွင် နိုဝင်ဘာလ ၂၂ ရက် မွန်းလွဲ ပိုင်းက အသက် ၁၀ နှစ်အရွယ် ယောက်ျားလေးက အစ်မဖြစ်သူထံ ခဏတာ ထိန်းပေးရန် အပ်ထားသော လေးနှစ်သမီးကို အဓမ္မ ပြုကျင့်ခဲ့ကြောင်း ပုသိမ်မြို့မ ရဲစခန်းမှ စခန်းမှူး ဒုတိယရဲမှူး မျိုးသူက ပြောကြားသည်။

အဆိုပါ ယောက်ျားလေးကို ကျေးရွာရှိ လူလတ်ပိုင်းများက မိုဘိုင်းလ်ဖုန်းမှ တစ်ဆင့် ညစ်ညမ်းဇာတ်ကားများ ပြသခဲ့ရာ ကလေးမှာ ယခင်က ငြင်းဆန်သော်လည်း နောက်ပိုင်းတွင် အသာတကြည် ကြည့်ရှုကြောင်း၊ ယင်းကဲ့သို့ ကြည့်ရှုရာမှ ရုပ်ရှင်များအတိုင်း လာစမ်းကြည့်ခြင်း ဖြစ်သည်ဟု ကလေးက ထွက်ဆိုခဲ့ကြောင်း ၎င်းက ရှင်းပြသည်။
“သားက တစ်တန်းအထိ ကျောင်းတက်ခဲ့တယ်၊ ခုမတက်တော့ဘူး၊ ရွာထဲက အစ်ကိုတွေ ပြလို့ ဖုန်းထဲမှာ ၁၅ ခါ လောက် ကြည့်ဖူးတယ်၊ လုပ်ကြည့်ချင်စိတ် ဖြစ်နေလို့ စမ်းကြည့်တာ၊ သားအိမ်ပြန်ချင်တယ် ပြန်ပို့ပေး” ဟု ပုသိမ်မြို့မ ရဲစခန်းတွင် ထိန်းသိမ်းစောင့်ရှောက် ခံနေရသည့် ကလေးက ပြောဆိုသည်။

ကလေးများ အဓမ္မပြုကျင့်မှု မဖြစ်ပွားစေရေးအတွက် မိဘများ အနေနှင့် သားသမီးများကို ရင်အုပ်မကွာစောင့် ရှောက်ရန်လိုကြောင်း၊ ဆင်ခြင်တုံတရား အားနည်းသော ကလေးအရွယ်တွင် ပတ်ဝန်းကျင်ကောင်းရှိရန် လိုအပ်ပြီး အတုမြင် အတတ်သင် မဖြစ်သင့်သော မဖွယ်မရာများကို ပတ်ဝန်းကျင်က ဆင်ခြင်ကြရန် လိုအပ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးကော်မတီဝင် ဦးမြင့်ဌေးက မှတ်ချက်ပေးသည်။

အဆိုပါ ၁၀ နှစ်အရွယ် ကလေးကို  ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ထားပြီး ပုသိမ်မြို့တွင် ကလေးသူငယ် စောင့်ရှောက်ရေးဂေဟာ မရှိသဖြင့် ပုသိမ်မြို့နယ် တရားသူကြီး၏ ခွင့်ပြုချက်ဖြင့် စောင့်ရှောက်ထားကြောင်း၊ အဓမ္မပြုကျင့် ခံရသော လေးနှစ်သမီးကို ပုသိမ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း ပုသိမ်မြို့မ ရဲစခန်းမှ စခန်းမှူး ဒုတိယရဲမှူး မျိုးသူက ပြောကြားသည်။
http://thevoicemyanmar.com/news/3901-snt
Loading...