လမ်းရှင်းနေသည့် ယာဉ်ထိန်းရဲအား ယာဉ်နောက်လိုက် တစ်ဦးက ညစ်ညမ်းစွာ ဆဲဆိုပြီး လည်ပင်းညှစ်မှု ဖြစ်ပွား



_________________________________________________________

သန်လျင်မြို့နယ်တွင် လမ်းရှင်းနေသည့် ယာဉ်ထိန်းရဲ တစ်ဦးအား ခရီးသည်တင် ယာဉ်နောက်လိုက်တစ်ဦးက ညစ်ညမ်းစွာ ဆဲဆိုပြီး လည်ပင်းညှစ်မှု ဖြစ်ပွားခဲ့ကြောင်း နိုဝင်ဘာ ၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ စုံစမ်းသိရသည်။
နိုဝင်ဘာ ၈ ရက်၊ နံနက် ၇ နာရီခွဲ ကျော်ခန့်တွင် ယာဉ်ထိန်းရဲဖြစ်သည့် ရဲတပ်သားရဲ လင်းနိုင်မှာ သန်လျင်မြို့နယ်၊ အောင်ချမ်းသာ လမ်းဆုံတွင် ယာဉ်လမ်းရှင်းရေး တာဝန်ထမ်းဆောင်နေစဉ် ရွှေရန်ကုန် ခရီးသည်တင်မှာ လမ်းမပေါ်သို့ ခေါင်းတင်ကာ ကန့်လန့် အနေအထားဖြင့် ရပ်နေသဖြင့် ၎င်းမှ အဆိုပါယာဉ်အား ထွက်ခွာရန် ခရာမှုတ် အသိပေးခဲ့သော်လည်း အဆိုပါ ခရီးသည်တင်ယာဉ်မှာ ထွက်ခွာခြင်း မပြုခဲ့ကြောင်း သိရသည်။
ထိုသို့ ထွက်ခွာခြင်း မပြုသဖြင့် ယာဉ်ထိန်းရဲမှာ ကားတံခါးမှန် ပိတ်ထားသည်ဟုထင်ပြီး ယာဉ်မောင်းသိစေရန် ယာဉ်အား လက်ဖြင့် နှစ်ချက်ပုတ်၍ သတိပေးခဲ့ကြောင်း သိရသည်။
ယင်းနောက် အဆိုပါ ယာဉ်ပေါ်မှ ယာဉ်နောက် ကိုထွေး (၃၁) နှစ်ဆင်းလာပြီး ယာဉ်ထိန်းရဲ၏ လည်ပင်းအားညှစ်ကာ သုံးကြိမ်ဆောင့်တွန်း၍ ညစ်ညမ်းစွာ ဆဲဆိုခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်မှ ယာဉ်နောက်လိုက် ဖြစ်သူ ကိုထွေး (၃၁) နှစ်အား သန်လျင်မြို့မ ရဲစခန်းက (ပ) ၂၁၂၁/၂၀၁၆၊ ရာဇသတ်ကြီး ပုဒ်မ- ၂၉၄/၃၃၂ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
Loading...