လမ်းမပေါ် ရမ်းကားစီးနင်းခဲ့ကြသည့် ဂိုဏ်းစတားဆိုင်ကယ်သမားများရုပ်သံ ပျံ့နှံ့


_________________________________________________________

ဂိုဏ်းစတား ဆိုင်ကယ်စတန့်သမားတွေ ၂၀၀ လောက်ပါဝင်တဲ့ အုပ်စုကြီးတစုရဲ့ လမ်းမတွေပေါ် ဥပဒေမဲ့ ရမ်းရမ်းကားကား စီးနင်းခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ လတ်တလော  အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေပါတယ်။
ဒီအဖြစ်အပျက်ဟာ မကြာသေးခင်ကမှ ပြီးသွားခဲ့တဲ့ ဟောလိုးဝင်းပွဲတော်ကာလအတွင်း အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂမ်မြို့ လမ်းမတွေပေါ်မှာ ဖြစ်ခဲ့တာလို့ မေရာသတင်းမှာ နိုဝင်ဘာ ၆ ရက်နေ့က ဖော်ပြပါတယ်။
သူတို့အုပ်စုထဲက တချို့ဟာ Killer Clone မျက်နှာဖုံးတွေ တပ်ထားခဲ့ကာ လမ်းမတွေတလျှောက် မီးနီနေချိန်မှာ မရပ်ဘဲ ဖြတ်မောင်းတာတွေ၊ ဆိုင်ကယ်ဘီးကို ထောင်ကာ စတန့်ပြ စီးနင်းတာတွေလုပ်ပြီး ကခုန်အော်ဟစ်ကာ စီးနင်းခဲ့ကြတာပါ။
တနေရာအရောက်မှာတော့ လမ်းမှာတွေ့ရတဲ့ ၂ ထပ်ဘတ်စ်ကားကြီး တစီးပေါ်မှ လူတွေကို သူတို့ဟာ စတန့်ထွင် စီးနေရင်းကနေ လက်ဝှေ့ယမ်း နှုတ်ဆက်ခဲ့ကြတာကို တွေ့ရပါတယ်။
ဘာမင်ဂမ်မေးလ်သတင်းတပုဒ်မှာတော့ အဲဒီဂိုဏ်းစတား ဆိုင်ကယ်စတန့်သမားတွေဟာ ဆိုင်ကယ်ဘီးထောင် စတန့်ပြပြီး လမ်းပြောင်းပြန်မောင်းတာတွေအပြင် အရှိန်နဲ့မောင်းနှင်ပြီး လမ်းပေါ်က ရဲကားတစီးကိုလည်း တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
မျက်မြင်သက်သေတွေရဲ့ အကြောင်းကြားချက်အရ အဲဒီအုပ်စုကို မီးသတ်ဦးစီးဌာနက တားမြစ်ခဲ့ရပြီး ရဲတွေရောက်လာချိန်မှာ ဆိုင်ကယ် ၁၀ စီးကို ဖမ်းမိခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ရဲတွေကတော့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒါဟာ အင်မတန်မှ ရက်စက်ပြီး လုံးဝ လက်မခံနိုင်စရာတခုအဖြစ် အမည်တပ် ပြောဆိုလိုက်တာပါ။
ဝက်စ်မစ်ဒ်လဲန်းဒ် ရဲချုပ် ဂျက်ခ်ဟက်ဒ်လေက “နေရာအနှံ့ ခုလို အုပ်စုဖွဲ့ပြီး စီးတာမျိုးတွေက ရှိနေတာပါ။ ဒါဟာ သေချာစနစ်တကျ စီစဉ်ထားတာဖြစ်ပြီး ရဲအရာရှိတွေအနေနဲ့ ကိုင်တွယ်ဖို့လည်း ခက်ခဲပါတယ်” လို့ ပြောပါတယ်။
http://burmese.dvb.no/archives/175176