ဗဟန်းမြို့နယ် ရွှေဂုံရိပ်မွန်အိမ်ရာရှိ နေအိမ်တိုက်ခန်းအတွင်း လက်ပြန်ကြိုးတုပ်၍ အသတ်ခံထားရသည့် အမျိုးသားအလောင်း တွေ့ရှိ


_________________________________________________________

                                          အမျိုးသား အလောင်းတွေ့ရှိခဲ့သည့် တိုက်ခန်းအား တွေ့ရစဉ်
ဗဟန်းမြို့နယ် ရွှေဂုံရိပ်မွန်အိမ်ရာရှိ နေအိမ်တိုက်ခန်း တစ်ခုအတွင်း လက်ပြန်ကြိုးတုပ်ကာ အသတ်ခံထားရသည့် အမျိုးသား အလောင်းကို နိုဝင်ဘာ ၁၈ ရက် နံနက်ပိုင်းက တွေ့ရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။
နိုဝင်ဘာ ၁၈ ရက် နံနက် ၈ နာရီခန့်က ဗဟန်းမြို့နယ်နေ ဒေါ်....သည် လိုအပ်သည့် အိမ်အလုပ်များကို လုပ်ကိုင်ပေးရသော ရွှေဂုံရိပ်မွန်အိမ်ရာရှိ တိုက်ခန်းတစ်ခန်းသို့ သွားရောက်ခဲ့ရာ နေအိမ်တံခါးမှာ ပိတ်ထားသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။
ထိုသို့ ပိတ်ထားသည်ကို တွေ့ရှိရသဖြင့် ယင်းအခန်းအတွင်း အိမ်အလုပ်များကို ပြုလုပ်ရန် ပေးထားသည့် သော့အပိုဖြင့် ဖွင့်၍ ၀င်ရောက်ရာ နေအိမ်အိပ်ခန်းအတွင်း  ဦး...(၄၄ နှစ်) မှာ မှောက်လျက်သေဆုံးနေသည် ကိုတွေ့ရသဖြင့် သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ကြောင်း သိရသည်။
“အဘွားတို့က ခုအသတ်ခံရတဲ့ လူဆီမှာ အိမ်အကူလုပ်လာတာ ကြာပါပြီ။ သူက နယ်တွေခရီးထွက်တာများတော့ အဖွားတို့ကို တိုက်ခန်းသော့တစ်ချောင်း အပိုပေးထားပါတယ်။ သူနယ်သွားတဲ့အချိန်မှာ တိုက်ခန်းအတွင်း လိုအပ်တာရှိရင်လုပ်ဖို့ပါ။ သူမရှိတဲ့အချိန် မီတာတွေ၊ ဘာတွေလည်း ဆောင်ပေးရ ပါတယ်။ အခုလို ကိစ္စမျိုးမဖြစ်ခင် အရင်နေ့က သူဖုန်းဆက်ပါတယ်။ သူပြန်ရောက်နေပြီ။ အိမ်မှာ လိုအပ်တာတွေလုပ်ဖို့ အဘွားတို့ကို ခေါ်ပါတယ်။ အဲဒါနဲ့ အဘွားတို့ ဒီမနက်ပေါ့ သူ့တိုက်ခန်းကို သွားတယ်။ သွားတဲ့အချိန် သူ့တိုက်ခန်းရဲ့ အပြင်သံပန်းတံခါးသော့က ပိတ်ထားပါတယ်။

အထဲက တံခါးမကြီးကတော့ စေ့ရုံပဲစေ့ထားတာပါ။ အဘွားတို့လည်း သော့အပိုရှိတော့ တံခါးဖွင့်ပြီး ၀င်သွားတဲ့အချိန်မှာ သူ့အခန်းထဲမှာ မှောက်ပြီးလဲနေတာ တွေ့ရတာပါ။ အဲဒါနဲ့ ပတ်ဝန်းကျင်ကို အကြောင်းကြားပြီး သက်ဆိုင်ရာကို အသိပေးတာပါ” ဟု အသတ်ခံရသည့် အမျိုးသားအိမ်တွင် အိမ်အကူလုပ်ကိုင်နေသည့် အဘွားတစ်ဦးက ပြောကြားသည်။ အလောင်းအား ရဲတာဝန်ရှိသူများ လာရောက်စစ်ဆေးရာ လက်ပြန်ကြိုးတုပ်၍ လည်ပင်းကို ပုဆိုးဖြင့်တင်းကျပ်စွာ ချည်နှောင်ထားသည်ကို တွေ့ရှိခဲ့ရပြီး မျက်နှာညိုမည်း၊ နှုတ်ခမ်းဖူးရောင် ဒဏ်ရာများ ရရှိထားသည်ကို ကနဦး စစ်ဆေးတွေ့ရှိခဲ့ရပြီး အလောင်းအား ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်ကာ ဆက်လက်စစ်ဆေးစေလျက်ရှိကြောင်း သိရသည်။ အသတ်ခံခဲ့ရသည့် အမျိုးသားမှာ ဧည့်လမ်းညွှန်လုပ်ငန်း လုပ်ကိုင်သူဖြစ်ပြီး ၎င်းသည် ခရီးအမြဲထွက်နေရသူ တစ်ဦးဖြစ်ကာ အဆိုပါတိုက်ခန်းတွင် ၎င်းတစ်ဦးတည်း ငှားရမ်းနေထိုင်သူဖြစ်ကြောင်း သိရသည်။ “သူက ဒီတိုက်ခန်းမှာနေတာ နှစ်နှစ်ကျော်လောက် ရှိပါပြီ။ အရင်ကလည်း ဒီရပ်ကွက်ထဲမှာပဲ နေတာပါ။ ဟိုနေရာပြောင်း ဒီနေရာပြောင်းပေါ့။ ပြီးတော့ အနေလည်း အေးဆေးပါတယ်။ ဘုရားတရားလည်း ကိုင်းရှိုင်းသူတစ်ယောက်လို့ သိထားပါတယ်။ သူနေတဲ့ တိုက်ခန်းကိုတော့ တစ်ခါတစ်လေ သူ့မိတ်ဆွေတွေလား၊ အသိတွေလားတော့မသိဘူး အ၀င်အထွက်တော့ ရှိပါတယ်” ဟု အဆိုပါ တိုက်ခန်းအနီးတွင် နေထိုင်သည့် အမျိုးသားတစ်ဦးက ပြောကြားသည်။ အဆိုပါဖြစ်စဉ်အား ဗဟန်းမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားပြီး ကျူးလွန်သူအား ဖမ်းဆီးရမိရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
http://news-eleven.com/local/28000