Breaking News

လက်ဖက်ရည်ဖိုး စကားများရာက လူသတ်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်ကို ထောင်တစ်သက်ချ


Loading...

လက်ဖက်ရည်နဲ့ ပတ်သက်ပြီး စကားများရာက အမျိုးသားတစ်ဦးကို သတ်ဖြတ်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်အား တရားရုံးက ထောင်ဒဏ်တစ်သက်ကျခံရန် အမိန့်ချမှတ်လိုက်ပါတယ်။ ယခု ပြစ်ဒဏ်ဟာ ရဲတပ်ဖွဲ့အကြမ်းဖက်လုပ်ရပ်အပေါ် ရှားရှားပါးပါး ချမှတ်ခဲ့တဲ့ ကာလရှည်ကြာ ပြစ်ဒဏ်လည်းဖြစ်တယ်လို့ ဆိုပါတယ်။

လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက အီဂျစ်မှာ ရဲတပ်ဖွဲ့ဝင်တွေဟာ ပြစ်ဒဏ်ကျခံရမှုမှ ကင်းလွတ်ခွင့်ရလေ့ရှိတယ်လို့ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ အီဂျစ်မှာ အဓိကရုဏ်းနဲ့ ဆန္ဒပြမှုများအတွင်း ရဲတပ်ဖွဲ့ဝင်တွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအပေါ် ပြည်သူလူထုက ဒေါသထွက်ခဲ့ကြပါတယ်။
ယနေ့ (နိုဝင်ဘာ ၁၆ ရက်) ပြစ်ဒဏ်ချမှတ်ခံရတဲ့ ရဲတပ်ဖွဲ့ဝင်က ကိုင်ရိုင်မြို့ ဆင်ခြေဖုံးမှာ လက်ဖက်ရည် ပျံကျရောင်းသူထံမှ လက်ဖက်ရည်တစ်ခွက် အခမဲ့တောင်းယူခဲ့ရာက စကားများခဲ့ပြီး လက်ဖက်ရည်ရောင်းသူကို သေနတ်ဖြင့် ပစ်သတ်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ရဲတပ်ဖွဲ့ဝင်က အခြား လူနှစ်ဦးကိုလည်း သေနတ်ဖြင့်ပစ်ခဲ့ကြောင်း မျက်မြင်သက်သေတွေက ဆိုပါတယ်။


ထိုဖြစ်ရပ်နဲ့ပတ်သက်ပြီး ကိုင်ရိုင်မှာ ဆူပူအုံကြွမှုတွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။ ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ချမှတ်ခံရတဲ့ ရဲတပ်ဖွဲ့ဝင်အနေနနဲ့အယူခံဝင်နိုင်ကြောင်း သိရပါတယ်။ အီဂျစ်မှာ ထောင်ဒဏ်တစ်သက်ပြစ်ဒဏ် ချမှတ်ခံရသူဟာ ပုံမှန်အားဖြင့် ၂၅ နှစ် အကျဉ်းကျခံရတာ ဖြစ်ပါတယ်။
တက်ကြွလှုပ်ရှားသူတွေက အီဂျစ်မှာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေ ကျယ်ပြန့်စွာ ဖြစ်ပေါ်နေကြောင်း ပြောကြားမှုတွေလည်း ရှိနေပါတယ်။ ယခုနှစ် ဖေဖေါ်ဝါရီလအတွင်းကလည်း ယာဉ်စီးခနဲ့ပတ်သက်ပြီး စကားများရာက ရဲတပ်ဖွဲ့ဝင်တစ်ဦးက ယာဉ်မောင်းကို ပစ်သတ်ခဲ့တဲ့ဖြစ်ရပ် ဖြစ်ပွားခဲ့သေးကြောင်း သိရပါတယ်။
Source & Photo: Reuters
Duwun
Loading...