Breaking News


နောက်ထပ် တစ်နှစ်၊ ၂ နှစ်လောက်မှ ရင်သွေး ယူဖို့ စဉ်းစားမယ် ဆိုတဲ့ မိုးယုစံ


Loading...

ကျွန်တော့်ရည်းစား ဘုရားမှာ နေသည် ရုပ်ရှင်က ရိုက်ထားတာလည်း ၂ နှစ်ကျော်လောက် ရှိပြီဆိုတော့ ပြန်ကြည့်ရတဲ့အချိန်မှာ ဘယ်လောက်အထိ အားရကျေနပ်မှုရှိလဲ။
MYS : ရိုက်ခဲ့တဲ့ အချိန်တုန်းကတော့ အဲ့ဒီတုန်းက စိတ်နဲ့ အကောင်းဆုံး ကြိုးစားခဲ့ပါတယ်။ အဲ့ဒီကား ရိုက်ထားတာလည်း နှစ်နှစ်ကျော်၊ သုံးနှစ်နီးပါးတော့ ရှိပြီ။ အခုချိန်မှာ ပြန်ကြည့်ရတဲ့ အခါမှာတော့ တချို့ အခန်းလေးတွေမှာ လိုအပ်တာလေးတွေ တွေ့သလို၊ အားရ ကျေနပ်မှုရှိတဲ့ ဇာတ်ဝင်ခန်းတွေလည်း အများကြီး ရှိပါတယ်။

Voice : ဒီကားမှာ ဘယ်လိုဇာတ်ရုပ်မျိုးနဲ့ သရုပ်ဆောင်ခဲ့ရလဲဆိုတာပြောပြပေးပါဦး။
MYS : ဒီကားက မြန်မာမှုလေးတွေ အများဆုံး ထည့်ပြီး ရိုက်ထားတဲ့ ဇာတ်ကား တစ်ကားပါ။ ညီမရဲ့ ကာရိုက်တာကတော့ ရွာသူလေး တစ်ယောက်ပေါ့။ ပြီးတော့ သိုက်ဆက်ရှိတယ်ပေါ့နော်။ ဒါကလည်း ညီမတို့ မြန်မာ ရာဇဝင်မှာက သိုက်ဆက်တို့၊ ပဋ္ဌာန်းဆက်တို့ဆိုတာ အရင်ကတည်းက ရှိထားပြီးသားပဲလေ။ ဇာတ်လမ်းကတော့ သိုက်ဆက်ရှိတဲ့ ကောင်မလေးနဲ့ ကောလိပ်ကျောင်းသား ကောင်လေး တစ်ယောက်တို့ရဲ့ အချစ် ဇာတ်လမ်းပါ။

Voice : ဒီကားမှာ ရွာသူပုံစံ သရုပ်ဆောင်ရတာဆိုတော့ ဆံပင်ကို ဆံရစ်ဝိုင်း ပုံစံလေး လုပ်ထားတာလည်း  လိုက်ဖက်မှု ရှိပါတယ်။ 
MYS : အဲ့ဒီကား ရိုက်တုန်းက ညီမက သီလရှင် ဝတ်ထားတာဆိုတော့ ကတုံး ဆံပင်ပေါက်နဲ့ ဖြစ်နေတယ်။ ဆံပင်တု စွပ်ပြီး ရိုက်ဖို့အတွက် အဆင်ပြေတယ် ပြောရမလား မသိဘူး။ ဆံရစ်ဝိုင်းကိုလည်း ညီမ အတု လုပ်ရတာပါ။ ဆံရစ်ဝိုင်းကလည်း အစစ်နီးပါး ဖြစ်သွားတဲ့အတွက် ညီမအတွက် အရမ်းကို အဆင်ပြေ သွားပါတယ်။ ညီမတို့ သွားရိုက်တဲ့ ပခန်းကြီးဘက်မှာဆိုလည်း ဆံရစ်ဝိုင်းထားတဲ့ ဓလေ့က အခုချိန်အထိလည်း ရှိတယ်။ ကလေးလေးတွေဆိုလည်း ဆံရစ်ဝိုင်းလေးတွေနဲ့ပဲ။

Voice : ရိုက်ကူးရေးပိုင်းမှာရော ထူးထူးခြားခြား အမှတ်တရ ဖြစ်ရပ်တွေ ကြုံခဲ့ရတာမျိုးရော ရှိလား။
MYS : ဒီကားက ညီမတို့ ရန်ကုန်အပြင်၊ ပခန်းကြီးနဲ့ ပုဂံဘက်မှာ သွား ရိုက်ထားတယ်။ အမှတ်တရကတော့ နယ်ထွက်ရိုက်ရတဲ့အတွက် ရှူတင် တစ်ဖွဲ့လုံး၊ အတူနေ၊ အတူစားရတယ်။ နယ်ဆိုတော့ တည်းရတဲ့ အိမ်ကအစ နည်းနည်း အခက်အခဲလေးတွေ ရှိတယ်။ ရိုက်ကူးရေးပိုင်းမှာတော့ အခက်အခဲ သိပ်မရှိခဲ့ဘူး။ ဒီကားက ဆရာ ဦးစိုးမိုးနဲ့ ညီမ ပထမဆုံး ရိုက်ဖူးတဲ့ကားပါ။ ဆရာကလည်း ကားတွေ သိပ်မရိုက်တော့ဘူးလေ။ ကိုယ့်စိတ်ထဲမှာတော့ ဒီလိုမျိုး ဝါရင့် ဒါရိုက်တာ တစ်ယောက်နဲ့ ရိုက်ရမှာကို စိုးရိမ်တယ်။ ကိုယ့်မှာ လိုအပ်ချက်တွေ အများကြီး ရှိတော့လေ။ ဒါပေမဲ့လည်း ရိုက်တဲ့အချိန်မှာ ဆရာက ကိုယ်လိုတာ ပိုတာကို ကြည့်ပြီး ပြောပြပေးတဲ့အတွက် အဆင်ပြေခဲ့ပါတယ်။ တစ်ခါတလေကျတော့ ကိုယ်သရုပ်ဆောင်တာ လိုတာ ပိုတာကို ကိုယ်တိုင် မသိနိုင်ဘူးလေ။ ကိုယ်ကတော့ စိတ်ထဲရှိသလို သရုပ်ဆောင်လိုက်တယ်။ ဆရာက လိုတာ၊ ပိုတာကို ပြန်ချိန်ပေးတဲ့အတွက် အဆင်ပြေသွားပါတယ်။ 

Voice : မိုးယုရဲ့ မင်္ဂလာ မော်ကွန်းတင် လက်မှတ်ရေးထိုးပွဲမှာ သုံးခဲ့တဲ့ ဘောပင်က စိန်တစ်ရတီတပ်ထားတဲ့ ဘောပင်ဆိုပြီး နာမည်ကြီးခဲ့တယ်နော်။ အဲ့ဒါ အမှန်ပဲလား။
MYS : အဲ့ဒါကတော့ စိန်ဘောပင်နဲ့ ညီမတို့ လက်မှတ် ထိုးခဲ့တာ မဟုတ်ပါဘူး။ ရိုးရိုး ဘောပင်နဲ့ပဲ ထိုးခဲ့တာပါ။ ပွဲပြီးလို့ ဓာတ်ပုံ အလှရိုက်တဲ့ အချိန်မှာ ဓာတ်ပုံဆရာက သူ့စိတ်ကူးလေးနဲ့သူ ရိုက်သွားတာပေါ့။ ဒီအကြောင်းကို လူတွေက ထင်ရာမြင်ရာ လျှောက်ပြောကြတာပါ။ ညီမကတော့ ဘယ်လိုမှ မခံစားရပါဘူး။ ကိုယ့်မင်္ဂလာဆောင်မှာ အမှတ်တရ တစ်ခု ဖြစ်တာပေါ့။ ဘောပင်ကိစ္စနဲ့ ပတ်သက်ပြီး ကိုယ့်မင်္ဂလာဆောင်ကို လူတွေ စိတ်ဝင်စားတယ် ဆိုတာကို သိလိုက်ရတဲ့အတွက် အရမ်းကို ဝမ်းသာပါတယ်။ အလှူ တစ်ခု လုပ်လို့ရှိရင် ကိုယ်က အလှူရှင် မဟုတ်ပေမယ့် ဘေးကပါတဲ့သူက ယူတတ်ရင် ကုသိုလ်ရတယ်လေ။ တခြားသူ တစ်ယောက်က မင်္ဂလာယူနေတဲ့အချိန်မှာ ကိုယ်လည်း ယူတတ်ရင် ပီတိ ဖြစ်စရာ၊ ကြည်နူးစရာ ဖြစ်တယ်လေ။ ဒါကတော့ လူတစ်ယောက်ရဲ့ စိတ်ပေါ်မှာ မူတည်ပါတယ်။ ညီမကတော့ ကိုယ့်မင်္ဂလာဆောင်ကို စိတ်ဝင်တစားရှိတဲ့ ကောင်းချီးပေးတဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ 

Voice : မင်္ဂလာပွဲတွေ လုပ်နေတဲ့ ကာလမှာ ကိုယ်နဲ့ ပတ်သက်ပြီး ကောလာဟလတွေပြောတဲ့ သူ တစ်ယောက်ကို မိုးယုဘက်က ဘယ်လိုစိတ်နဲ့ ခွင့်လွှတ် နားလည်ပေးခဲ့တာလဲ။
MYS : အနုပညာရှင် ဆိုတာကတော့ ကိုယ်နဲ့ ပတ်သက်ပြီး ထင်ရာမြင်ရာ ပြောတာတွေကို ကြုံရတာပါပဲ။ အခုဟာကကျတော့ ပြောတဲ့သူ ဘယ်သူလည်း ဆိုတာကို ညီမတို့ သိတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ညီမ ကိုယ်တိုင်တော့ မဖြေရှင်းဖြစ်ပါဘူး။ ညီမ ပရိသတ်တွေကပဲ သူ့ကို ရှင်းပြခဲ့တယ်။ သူကလည်း သူ့အမှား သူသိပြီး ညီမကို ပြန်တောင်းပါတယ်။ သူ့ရဲ့ Facebook Page မှာ ပြန်တင်ပြီး တောင်းပန်တာပေါ့နော်။ အဲ့ဒီလို တောင်းပန်ပေးဖို့လည်း ညီမ ပရိသတ်တွေကပဲ သူ့ကို ပြောခဲ့တာပါ။ ဒီ ကောလာဟလသတင်းကို တချို့ အွန်လိုင်း မီဒီယာတွေက ယူတင်ကြတယ်။ တချို့ကျတော့လည်း ပြန်ဖျက်ပေးကြတယ်။ တချို့ကျတော့လည်း တင်ထားဆဲပဲ။ ကိုယ့်အမှားကို ကိုယ် သိပြီး ပြန်တောင်းပန်တာက မင်္ဂလာ တစ်ပါးပါပဲ။ မှားမှန်းသိပြီး တောင်းပန်တတ်တဲ့ သူကိုလည်း ညီမ ချီးကျူးပါတယ်။

Voice : ဟန်းနီးမွန်းက ဥရောပဘက်ကို သွားမယ်လို့ ကြားတယ်။ ဘယ်နှရက်လောက် ကြာမှာလဲ။
MYS : ညီမတို့ နှစ်ယောက်ရဲ့ ဟန်းနီးမွန်းကတော့ နိုဝင်ဘာလ ၅ ရက်နေ့လောက် သွားပါမယ်။ ညီမတို့ သွားမှာက အီတလီရယ်၊ ပြင်သစ်ရယ်၊ ဆွစ်ဇာလန်ရယ် သွားမယ်။ ကြားထဲမှာတော့ ချက်စ် နဲ့ သြစတြေးလျ နှစ် နိုင်ငံကိုလည်း ဝင်လည်ဖြစ်မယ်။ အားလုံးပေါင်း ဆယ့်နှစ်ရက်လောက်တော့ ကြာပါမယ်။ ဒီလိုမျိုး အလုပ် မပါဘဲ လွတ်လွတ်လပ်လပ် ခရီးထွက်ရတာမျိုးက ညီမမှာ မရှိဘူး။ အလုပ်နဲ့ပဲ သွားတာ များတယ်။ အခု တစ်ခေါက်ကတော့ ကိုယ်ချစ်တဲ့သူနဲ့ ဟန်းနီးမွန်း သွားရမှာဆိုတော့ ပိုပြီးတော့လည်း လွတ်လပ်သလို၊ ပျော်စရာလည်း ပိုကောင်းမှာပါ။

Voice : မိုးယုက အိမ်ထောင်ကျပြီး သွားပေမယ့် ကလေးတန်းမယူသေးဘဲ လွတ်လွတ်လပ်လပ် နေချင်သေးတယ် လို့ ဖြေထားတာ တွေ့ပါတယ်။ ဘယ်တော့လောက်မှ ရင်သွေးယူဖြစ်မှာလဲ။
MYS : ညီမတို့က Plan နဲ့ သွားတတ်တဲ့သူမျိုး မဟုတ်ဘူး။ သူတို့ကျတော့ Plan နဲ့ သွားတာ။ ဘယ်အချိန်မှာ အိမ်ထောင်ပြုပြီးတော့ ဘယ်အချိန်မှာ ဘာဖြစ်ရမယ်ဆိုတာ ကြိုတွေးထားပြီးသား။ သူနဲ့ ညီမ စကြိုက်တော့ သူက သူ့ Plan တွေကို ချပြတယ်။ အဲ့ဒီကတည်းက အိမ်ထောင်ပြုပြီးရင် ညီမက လွတ်လွတ်လပ်လပ် နေချင် သေးတယ်လို့ သူ့ကို ပြောထားတယ်။ နောက်ထပ် တစ်နှစ်၊ ၂ နှစ်လောက်မှ ရင်သွေး ယူဖို့ စဉ်းစားမယ်။

The voice
Loading...