Breaking News


စစ်တွေတွင် ကွာရှင်းထားသော လင်မယားအကြား လမ်းမပေါ်တွင် ဓားထိုးမှုဖြစ်ပွား


Loading...


ရခိုင်ပြည်နယ် စစ်တွေမြို့ ကုန်းတန်းရပ်ကွက် လမ်းမပေါ်တွင် နိုဝင်ဘာလ ၂၉ ရက်နေ့ နေ့လည်း ၃ နာရီ ကျော်အချိန်ခန့်က ကွာရှင်းထားသော လင်မယားအကြား ဓားဖြင့် ထိုးသည့် အမှုတခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ကွာရှင်းထားသော အမျိုးသားက အမျိုးသမီးအား လမ်းမပေါ်တွင် ဓားဖြင့် လည်ပင်အား ထိုးသွင်းပြီး မိမိကိုယ်ကိုလည်း ဓားဖြင့် ထိုးနေသည်ကို လမ်းသွားလမ်းလာများက မြင်ကြသည့်အတွက် သက်ဆိုင်ရာ ရဲစခန်းကို အကြောင်း ကြားခဲ့ရကြောင်း မျက်မြင်တဦးဖြစ်သူ စစ်တွေမြို့နေ ကိုထွန်းကျော်က ပြောသည်။
ကိုထွန်းကျော်က “ကျွန်တော် ဆိုင်ကယ်နဲ့ ဖြတ်သွားတော့ လမ်းမှာလူတွေအော်နေကြတယ်။ မိန်းမဖြစ်သူကို လင်ကနေ ဓားနဲ့ ထိုးနေကြတယ်။ ရဲစခန်းကို ဖုန်းဆက်ကြပါ ဆိုပြီးလူတွေလည်း အော်နေကြတယ်။ သွေးတွေနဲ့ လမ်းမပေါ်မှာ လဲနေကြတော့ ဘယ်သူမှလည်း အနားမကပ်ရဲဘူး။ နောက်မှ ရဲကား ရောက်ပြီး ဓားဒဏ်ရာနဲ့ လမ်းမပေါ်မှာ ပက်လက်လဲနေတဲ့ အမျိုးသမီးကို အရင် ဆေးရုံကို တင်သွားတယ် ” ဟုပြောသည်။
အဆိုပါ ကွာရှင်းထားသော လင်မယားနှစ်ဦးသည် တဦးနှင့်တဦး သဘောထားချင်း မတိုက်ဆိုင်၍ တရားဝင် ကွာရှင်းထားကြောင်း ၊အမျိုးသားက ၄င်းနှင့်ကွာရှင်းထားသော အမျိုးသမီးဖြစ်သူမှာ နောက်အိမ်ထောင်ပြုမည်ဟု ကြားသည့်ရသည့်အတွက် မိန်းမကို မပြတ်နိုင်၍ နောက်ကလိုက်နေကြောင်း၊ ယနေ့တွင် မိန်းမ ဆိုက္ကားနှင့် အိမ်အပြန်တွင် ဟန့်တားကာ ယခုကဲ့သို့ ဓားဖြင့်ထိုးခြင်းဖြစ်ကြောင်း စစ်တွေအမှတ်( ၁ ) ရဲစခန်းမှ တာဝန်ကျရဲအရာရှိများထံမှ သိရသည်။
လက်ရှိအချိန်တွင် ၄င်းအမျိုးသမီးနှင့် အမျိုးသားအား စစ်တွေပြည်သူ့ဆေးရုံတွင် အရေးပေါ် ခွဲစိတ်ကုသနေကြောင်း သိရသည်။
အဆိုပါအမှုနှင့်ပတ်သက်၍ စစ်တွေမြို့မရဲစခန်းမှ ရာဇသတ်ကြီး ပုဒ်မ ၃၀၉ အရအမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။


Loading...